Skip to main content

ဝန်ကြီးဌာန နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားများ ကျင်းပ

နေပြည်တော် ဇွန် ၁၇

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၏ နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးခြင်းနှင့် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားများကို ယနေ့နံနက်ပိုင်းက အဆိုပါဝန်ကြီးရုံး၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှမိုးနှင့် ဒုတိယဝန်ကြီး ဦးမြင့်စိုးတို့က ဦးစီးဌာနများသို့ ပျိုးပင်များပေးအပ်ကာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက ရတနာတန်းဝင်ကျွန်းပင်များကို စိုက်ပျိုးကြပြီး ဦးစီးဌာနများမှ ဝန်ထမ်းများက မိမိတို့သတ်မှတ်နေရာများတွင် ပျိုးပင်များစိုက်ပျိုးကြသည်။ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်တွင် ရတနာတန်းဝင် ကျွန်း၊ မဟော်ဂနီနှင့် စွယ်တော်ပျိုးပင်ပေါင်း (၅၀၀) ကို စိုက်ပျိုးခဲ့ကြသည်။

ဆက်လက်၍ ဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများက ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ (၁၀,၀၀၀)၊ ငါးမြစ်ချင်း ငါးသားပေါက်ကောင်ရေ(၁၀,၀၀၀) နှင့် ထိုင်းငါးခုံးမကြီး သားပေါက်ကောင်ရေ (၃၀၀)၊ စုစုပေါင်း ငါးမျိုးစိတ်(၃)ခု ငါးသားပေါက်ကောင်ရေပေါင်း (၂၀,၃၀၀)ကို ဝန်ကြီးဌာနဘေးရှိ ငါးမွေးမြူရေးကန် (၄) ကန်အတွင်းသို့ စိုက်ထည့်ကြသည်။

ထို့နောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် ဝန်ထမ်းများအတွက် အမှတ်တရလက်ဆောင်၊ ဆန်နှင့်စားသုံးဆီများထောက်ပံ့ခြင်း၊ ဝန်ထမ်းသားသမီးများအတွက် ကျောင်းဝတ်စုံများထောက်ပံ့ခြင်း အခမ်းအနားကိုကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာန(၃)ခု၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအပါအဝင် တက္ကသိုလ်(၂)ခုတို့မှ ဝန်ထမ်းစုစုပေါင်း (၁၁၆၉၆) ဦးအတွက် တီရှပ်များနှင့် ဝန်ကြီးဌာန(ရုံးချုပ်)ရှိ ဝန်ထမ်း (၇၇၄) ဦးအတွက် ဆန်အိတ်များပေးအပ်ပြီး ဒုတိယဝန်ကြီးက ပြည်ထောင်စုဝန်ကြီးရုံးနှင့် ဦးစီးဌာန(ရုံးချုပ်) (၃)ခုတို့မှ ဝန်ထမ်းသားသမီး (၃၉၅) ဦးတို့အတွက် ကျောင်းဝတ်စုံနှင့် ဝန်ထမ်း (၁၁၄၆) ဦးတို့အတွက် စားသုံးဆီများ ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ သီရိဂန္ဓမာသပြေအေးမိုးကုတ်ဝိပဿနာရိပ်သာကျောင်းတိုက်၊ ပဓာဏနာယက ဆရာတော် အရှင်ဂန္ဓမာလာထံမှ ငါးပါးသီလခံယူပြီး ဆရာတော်အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များနာယူ၍ ဆရာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းကာ နေ့ဆွမ်းများ ဆပ်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)