Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်ရေး ဒေသဆိုင်ရာဖိုရမ်နှင့် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် အသုံးပြုမှုနှင့်စပ်လျဉ်းသည့် ညှိနှိုင်းဆွေးနွေးပွဲများသို့ တက်ရောက်

နေပြည်တော် ဇွန် ၁၇

မဲခေါင်သိပ္ပံနှင့် ထိုင်းနိုင်ငံဆိုင်ရာ ကိုးရီးယားသမ္မတနိုင်ငံသံရုံးတို့ ပူးပေါင်းကာ မဟာမဲခေါင်ဒေသအတွင်း မဲခေါင်-ကိုးရီးယားပူးပေါင်းဆောင်ရွက်ရေး ဒေသဆိုင်ရာဖိုရမ်ကို ယနေ့နံနက်ပိုင်းတွင် Hybrid စနစ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ရှန်ဂရီလာဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ ဘန်ကောက်မြို့ရှိ သက်ဆိုင်ရာအစိုးရဌာနများနှင့် သံရုံးများမှ ကိုယ်စားလှယ်များ၊ ဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများ၊ တက္ကသိုလ်များ၊ နိုင်ငံတကာနှင့် ဒေသတွင်း သုတေသနနယ်ပယ်မှ ကိုယ်စားလှယ်(၅၀)ကျော်တို့က ကိုယ်တိုင်တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်နှင့် ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် ညီနောင်အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ အခြားသောအဖွဲ့ဝင်နိုင်ငံနှင့် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online မှ တက်ရောက်ကြသည်။

အဆိုပါဖိုရမ်ကို မဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေးမူဘောင်၏ လက်ရှိအခြေအနေနှင့် ဦးတည်ဆောင်ရွက်မှုများကို လေ့လာဆန်းစစ်နိုင်ရန်၊ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုအစီ   အစဉ်များအောက်တွင် မဲခေါင်နှင့် မိတ်ဖက်နိုင်ငံနှင့် အဖွဲ့အစည်းများအကြား ပေါင်းစည်းမှုဆိုင်ရာ အကြံပြုချက်များကို လေ့လာအကဲဖြတ်နိုင်ရန်နှင့် ကိုရီးယားသမ္မတနိုင်ငံ၊ မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံများမှ အစိုးရ၊ ပုဂ္ဂလိကကိုယ်စားလှယ် စုစုပေါင်း (၁၀၀) ကျော်ပါဝင် တက်ရောက်ကြသည်။

အဆိုပါဖိုရမ်တွင် မဲခေါင်ဒေသ၏ နိုင်ငံရေးအခြေပြုစီးပွားရေးဆိုင်ရာ ကိစ္စရပ်များဖြစ်သည့် မဲခေါင်ဒေသတွင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ပြင်ပမိတ်ဖက်များနှင့် ထိတွေ့ဆက်ဆံရေးမူဘောင်များ၊ ပထဝီနိုင်ငံရေးဆိုင်ရာ မဟာဗျူဟာမြောက်ယှဉ်ပြိုင်မှုများနှင့် အနာဂတ်ကာလစိန်ခေါ်မှုများ၊ မဲခေါင်ဒေသအတွင်း နိုင်ငံတကာနှင့် ပြင်ပအဖွဲ့အစည်းများအကြား ထိတွေ့ဆက်ဆံမှုများ၊ မဲခေါင်ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုကို ပိုမိုကျယ်ပြန့်အောင် ပေါင်းစည်းဖော်ဆောင်ထူထောင်ရေးနှင့် မဲခေါင်ဒေသရေရှည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို သက်ဆိုင်ရာသံရုံးများမှ ကိုယ်စားလှယ်များ၊ သုတေသနပညာရှင်များနှင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင် ပညာရှင်များက ဦးဆောင်ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ကိုယ်စားလှယ်များမှ သိလိုသည်များကို ရင်းနှီးပွင့်လင်းစွာ အပြန်အလှန် ဆွေးနွေးဖလှယ်ကြသည်။

အဆိုပါဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ အလွန်ကာလများတွင် မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေး ပြန်လည်ထူထောင်ရန်အတွက် လက်ရှိပူပေါင်းဆောင်ရွက်မှု မူဘောင်များကို အဆင့်မြှင့်တင်ရန် လိုအပ်မည့်အခြေအနေများ၊ မဲခေါင်အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်း လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်များကို အထောက်အကူပြုနိုင်မည့်အခြေအနေများ၊ မဟာမဲခေါင်ဒေသခွဲခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု မူဘောင်အပြင် အခြားသောဖွံ့ဖြိုးမှုမိတ်ဖက်နိုင်ငံများမှလည်း ပံ့ပိုးပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များနှင့် မြန်မာနိုင်ငံမှ မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် ခရီးသွားလုပ်ငန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်နေမှုများကို ပါဝင်ဆွေးနွေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဧည့်စာရင်းစီမံခန့်ခွဲမှုစနစ် (GLMS) အသုံးပြုမှုနှင့်စပ်လျဉ်း၍ ကျင်းပသည့် ညှိနှိုင်းဆွေးနွေးပွဲသို့ တက်ရောက်သည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဌေးအောင်က အမှာစကားပြောကြားသည်။

ယင်းနောက် ဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် Myanmar Ease Net Co.,Ltd မှ တာဝန်ရှိသူတို့က GLMS စနစ်အသုံးပြုမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တက်ရောက်လာကြသူများက ဝိုင်းဝန်းဆွေးနွေးအကြံပြုခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)