နေပြည်တော် ဇွန် ၁၆
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ်စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။
၁၈-၆-၂၀၂၂ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၄)အမှတ် (၂၅) ၌ ခြေထောက်တစ်ဖက်မသန်သော်လည်း မိမိဝါသနာပါသည်ကို အောင်မြင်အောင်စွမ်းဆောင်နိုင်ခဲ့သော မောင်လူအေးအကြောင်းကို တင်ဆက်ထားသည့် “မသန်ပေမဲ့စွမ်းနိုင်” မျက်နှာဖုံး ဇာတ်လမ်း၊ စာပေဗိမာန်စိန်ရတု အထိမ်းအမှတ်အဖြစ်ပြုလုပ်သော ရွှေသွေးတို့လက်ရာ စာစီစာကုံးပြိုင်ပွဲတွင် ဆန်ခါတင်အဆင့် ရွေးချယ်ခံရသည့် စာစီစာကုံးများအနက် “မွေးမေမေ” စာစီစာကုံး၊ ဧရာဝတီမြစ်ကြီး၏ ကျေးဇူးကြီးမားပုံကိုတင်ဆက်ထားသည့် “ဆုရတီအောင်-ချစ်သောမြစ်ဧရာ” နှစ်မျက်နှာကာတွန်း၊ပညာရှိပီသစွာ စကားကို အကြောင်းအကျိုးအဆက် အစပ်များနှင့်ပြောဆိုတတ်သော ပညာရှိဦးပညာနှင့်မိမိသာပညာအရှိဆုံးဟုထင်နေသော ဦးယဿတို့အကြောင်းကိုရေးဖွဲ့ထားသည့် “ပညာရှိ၏ဖြတ်ထိုးဉာဏ်” ပုံပြင်၊ စကားကို လိမ္မာပါးနပ်စွာပြောဆိုတတ်သော ကိုလာအကြောင်းကို ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့် “မလိမ်ပါဘူးကွာ” တစ်မျက်နှာကာတွန်း၊ မိမိ၏ဘဝပေးအခြေအနေအရ မိမိလုပ်ကိုင်ဆောင်ရွက်ရသည့်အလုပ်ကို တန်ဖိုးထားလုပ်ဆောင်ကာ မိဘများကို မိမိတတ်နိုင်သည့်အရာများဖြင့် ကူညီလုပ်ကိုင်ဆောင်ရွက်ပေးသင့်ကြောင်းရေးဖွဲ့ထားသည့် “ကျွန်တော်မရှက်တော့ပါ” ဝတ္ထု၊ ဉာဏ်ရည်ထက်မြက်ကာ လိမ္မာပါးနပ်သော ယုန်လေး၏ အသက်ဘေးမှလွတ်မြောက်အောင် ကြံစည်ပုံအကြောင်းကိုတင်ဆက်ထားသည့် “အကြံကောင်းတစ်ချက်” နှစ်မျက်နှာ ကာတွန်း၊ သူ၏ဦးလေးထံမှမုန့်ဖိုးရရှိရေးအတွက် ဉာဏ်များကာပြောဆိုတတ်သော ရန်ပိုင်စိုးအကြောင်းကို ဟာသဖြစ်ဖွယ်တင်ဆက်ထားသည့် “ရန်ပိုင်စိုး” နှစ်မျက်နှာ ကာတွန်း၊ Adjective (နာမဝိသေသန)များ၏ အသုံးအနှုန်းနှင့်ဝါကျများတွင် Adjective များ ထည့်သွင်းအသုံးပြုပုံအကြောင်းကို လေ့ကျင့်ခန်းများနှင့်တကွ တင်ဆက်ထားသည့် “ရွှေသွေးအင်္ဂလိပ်သဒ္ဒါ” အင်္ဂလိပ်စာသင်ခန်းစာကဏ္ဍ၊ ကဗျာကဏ္ဍတို့အပါအဝင်ကဏ္ဍစုံလင်စွာထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်းသိရသည်။
သတင်းစဉ်