Skip to main content

ဧရာဝတီတိုင်းဒေသကြီး၏ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇွန် ၁၆

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် ဇွန် ၁၅ ရက်နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူဧရာဝတီတိုင်းဒေသကြီ၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှုများကို ကွင်းဆင်းစစ်ဆေးသည်။

ရင်းရင်းနှီးနှီးနှုတ်ဆက်

ရှေးဦးစွာ ဒုတိယဝန်ကြီးဦးမြင့်စိုးနှင့်အဖွဲ့သည် ဟင်္သာတခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့ရောက်ရှိပြီး ဌာနဆိုင်ရာဝန်ထမ်းများ၊ ဧရာဝတီတိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ဟင်္သာတခရိုင်တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုများတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များဖြည့်စွက်မှာကြားကာ ဝန်ထမ်းများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် အင်္ဂပူမြို့နယ် ရွှေတောင်စုကျေးရွာသို့ရောက်ရှိပြီး ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံစဉ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်မှူးက မကျီးကုန်းကျေးရွာအုပ်စုအိမ်ခြေ ၁၀၇ အိမ်(လူဦးရေ၃၅၄) ဦးရှိသော ရွှေတောင်စုကျေးရွာအား ခေတ်မီစံပြကျေးရွာ (SMART Village) အဖြစ် အကောင်အထည် ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက မိမိတို့သက်ဆိုင်ရာကဏ္ဍများအလိုက်ဆောင်ရွက်ပေးမည့်လုပ်ငန်းစဉ်များကိုလည်းကောင်း၊ ဒေသခံပြည်သူများက ကျေးရွာ၏လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် ကျေးရွာ၏လိုအပ်ချက်များကိုလည်းကောင်း ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး ရွှေလဝန်းစိုက်ပျိုးရေးနှင့် အထွေထွေသမဝါယမအသင်းလီမိတက်အတွက် ထောက်ပံ့ငွေများနှင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) ဖြင့်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအတွက် ထောက်ပံ့ငွေများအား ကျေးရွာလူထုကိုယ်စား ကျေးရွာခေါင်းဆောင်ထံ ပေးအပ်သည်။ ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေတောင်စုကျေးရွာ၏ သစ်ပင်စိုက်ပျိုးပွဲတော်၌ သစ်ပင်များစိုက်ပျိုးခဲ့ကြသည်။

ပေးအပ်လှူဒါန်း

ထို့နောက်ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လေးမျက်နှာမြို့နယ်လှော်ကထားကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ ဒုတိယဝန်ကြီးက ကျောင်းဆုပေးပွဲအခမ်းအနားကျင်းပရေးအတွက် အလှူငွေကျပ် ၁၀ သိန်းနှင့် စာအုပ်စာစောင်များ၊ ရေကြည်မြို့နယ် သီတာကုန်းပြင်အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းသည်။

ဆက်လက်၍ ပုသိမ်မြို့သမဝါယမစာရင်းရေး စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းသို့ရောက်ရှိပြီး ကျောင်အုပ်ကြီး၊ ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ဇွန် ၁၆ ရက်တွင် ဖွင့်လှစ်နိုင်ရန်ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးကာ သင်တန်းသား၊ သင်တန်းသူများနှင့် ခင်မင်ရင်းနှီးစွာနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်