နေပြည်တော် ဇွန် ၁၆
သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း (မကွေး)ဖွင့်ပွဲကို ဇွန် ၁၆ ရက် နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီးသမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်း(မကွေး)၌ ကျင်းပသည်။
အခမ်းအနားတွင်မကွေး တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင့်လွင်က သမဝါယမပညာရပ်မှာ စာရင်းရေးစာရင်းကိုင်ပညာ ရပ်သည်အဓိကကျပါကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းရရှိရန်အတွက်လည်း သေချာသည့်ပညာရပ်တစ်ခုဖြစ်ကြောင်း၊ ယခုလို တိုင်းဒေသကြီး/ပြည်နယ်ငါးခုမှာရှိသော စာရင်းရေး စာရင်းကိုင် သက်မွေးပညာသင်တန်းကျောင်းများမှ ကွန်ပျူတာနှင့် စာရင်းရေးစာရင်းကိုင်ပညာ တတ်ကျွမ်းသူများကိုမွေးထုတ်ပေးနိုင်မည်ဖြစ်သည့်အတွက် တိုင်းပြည်အတွက်ဂုဏ်ယူမိကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်လည်း ဤကျောင်း ကြီး၏လိုအပ်ချက်များကို အတတ်နိုင်ဆုံးကူညီဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်ပြီး သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးအောင်သူရက ဤသင်တန်းကျောင်းမှ နှစ်စဉ်သင်တန်းကာလ သုံးလခွဲနှင့် CBA (Certificate in Book-Keeping & Accountancy) ကိုအခြေခံပညာအထက်တန်းအဆင့်ပြီးမြောက်သူများအတွက် တစ်နှစ်လျှင် နှစ်ကြိမ်သင်ကြားပို့ချပေးနိုင်ခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိခဲ့ကြောင်း ပြောကြားသည်။ ထို့နောက်သမဝါယမသင်တန်းကျောင်း ကျောင်းအုပ်က ကျောင်းဖွင့်လှစ်ရန် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သင်တန်းသား၊ သင်တန်းသူ ၁၀၂ ဦးအတွက် ကျောင်းဝတ်စုံများ၊ ဖျာနှင့် ခြင်ထောင်များ၊ အားကစားပစ္စည်းများနှင့် စာရေးကိရိယာများအပြင် တစ်ဦးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်းဖြင့် ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။
သတင်းစဉ်