Skip to main content

နောက်ထပ်အခွင့်အလမ်းများစွာ

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းများကို ထုတ်ပြန်ကြေညာလိုက်ပြီဖြစ်သည်။ စာမေးပွဲကျင်းပစဉ်က ဝင်ရောက်ဖြေဆိုသူပေါင်း သုံးသိန်းနီးပါးရှိခဲ့ရာ နှစ်စဉ်အောင်ချက်ရာခိုင်နှုန်းများကို ပြန်လည်လေ့လာကြည့်ပါက ဝင်ရောက်‌ဖြေဆိုသူများ၏ သုံးပုံတစ်ပုံခန့်သာ တက္ကသိုလ်ဝင်စာမေးပွဲအောင်ကြခြင်းဖြစ်ပြီး ကျန်သုံးပုံနှစ်ပုံခန့်မှာ ကျရှုံးကြသည့်အတွက် ယခုနှစ်တွင်လည်း စာမေးပွဲအောင်သူထက် ကျသူကများမည်ဟု တွက်ဆနိုင်သည်။

တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းထွက်သည့်အခါတိုင်း အောင်သူပြုံး၍ ရှုံးသူငိုင်ကြသည်မှာ သဘာဝဖြစ်သော်လည်း အလွန်အကျွံ၊ အစွန်းရောက်ခံစားမှုများကြောင့် မဖြစ်သင့်သည့်ဖြစ်ရပ်များ ဖြစ်ပွားလေ့ရှိသည်ကို သတိပြုကြဖို့လိုသည်။ အထူးသဖြင့်စာမေးပွဲမအောင်သူကိုလိုသည်ထက်ပို၍ ပြစ်တင်ဖိနှိပ်ပြောဆိုခြင်း၊ ပတ်ဝန်းကျင်၌အရှက်ရစေသည့် အပြုအမူမျိုးပြုလုပ်ခြင်းတို့ကို မိသားစုဝင်တို့အနေဖြင့် ရှောင်ရှားရန်လိုပြီး နောက်တစ်ကြိမ်ထပ်မံကြိုးစားရန်အတွက်သာ အားပေးကြရမည်ဖြစ်သည်။

စင်စစ်အားဖြင့် တက္ကသိုလ်ဝင်စာမေးပွဲသည် အခြေခံပညာသင်ယူမှုများပြီးဆုံးပြီး အဆင့်မြင့်ပညာများဆက်လက်သင်ယူနိုင်ရန် ဆန်းစစ်ချက်သာဖြစ်ပြီး ဘဝအတွက်အဆုံးအဖြတ်တစ်ခု အဖြစ်မမှတ်ယူသင့်သည်ကို သိထားကြဖို့လိုသည်။ ကြိုးစားအားထုတ်မှုများ မပြည့်စုံသေး၍ဖြစ်စေ၊ အခြားသောအကြောင်းအရာများကြောင့်ဖြစ်စေ မိမိကဲ့သို့ပင် ယခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲအရေးနိမ့်သူအရေအတွက်က အောင်မြင်သူအရေအတွက် ထက်များပြားစွာရှိနေသည်ကိုလည်း သတိမူကြရမည်ဖြစ်သည်။ ထို့အပြင် ဤစာမေးပွဲကို တစ်ကြိမ်၊ နှစ်ကြိမ်မကဖြေဆိုခဲ့ပြီးမအောင်မြင်နိုင်သူတို့အဖို့လည်း အသက်မွေးဝမ်းကျောင်းပညာများနှင့် ပြင်ပလေ့လာဆည်းပူးမှုများမှတစ်ဆင့် ဇွဲ၊ လုံ့လ၊ ဝီရိယ တို့ကိုအရင်းတည်ကာ ဘဝတွင်အောင်မြင်မှုများရယူနိုင်ကြသေးသည်။

စာမေးပွဲကျရှုံးမှုကိုအကြောင်းပြု၍ ခံစားမှုကိုဦးစားပေးကာ အဆင်အခြင်မဲ့ထင်ရာစိုင်းခြင်းသည် လုံးဝမပြုလုပ်သင့်သော အပြုအမူများပင်ဖြစ်သည်။ ယခုတစ်ကြိမ်ကျရှုံးမှုမှ မိမိ၏ အားနည်းချက်များကိုဖြည့်ဆည်းကာ နောက်တစ်ကြိမ် အားထုတ်ကြိုးပမ်းခြင်းဖြင့် အောင်ရမည် သာဖြစ်သည်။ နောက်ထပ်ဖြေဆိုရန် အခွင့်အလမ်းများရှိနေသည်ကို မျက်ကွယ်ပြုလျက် ရေစုန်မျှောလိုက်သွားခြင်းအားဖြင့် ဘဝတွင် နောက်ထပ်အကြိမ်ကြိမ် ရှုံးနိမ့်မှုများနှင့်ကြုံတွေ့နိုင်သည်။ ပြင်းပြသည့် ဆန္ဒ၊ ထက်သန်သည့် စိတ်ဓာတ်၊ မလျှော့စတမ်းသော လုံ့လ၊ ဝီရိယ၊ ပြီးပြည့်စုံသော ဉာဏ်ပညာတို့က တက္ကသိုလ်ဝင်စာမေးပွဲကိုသာမက မိမိတို့၏ ဘဝတစ်လျှောက် လုံးတွင်တွေ့ကြုံရမည့် လောက၏စာမေးပွဲများစွာတို့ကို အောင်မြင်စွာကျော်လွှားနိုင်မည်ဖြစ်ရာ တစ်သက်တာလုံး ဖြည့်ကျင့်သွားကြရန် တိုက်တွန်းလိုသည်။

အောင်ပွဲအတွက်ပြင်ဆင်ခြင်းသည် တစ်ပွဲတိုးအလုပ်မဟုတ်ဘဲ နေ့စဉ်မှန်မှန် ယုံကြည်ချက်၊ ရည်မှန်းချက်ဖြင့် ပြုလုပ်နေရခြင်းမျိုးဖြစ်ရာ တောင်တက်ခြင်းနှင့်သဏ္ဌာန်တူသည်။ တောင်ထိပ်သို့ရောက်ရန်အတွက် ဇွဲ၊လုံ့လ၊ ဝီရိယ၊ ကြံ့ခိုင်မှု၊ ယုံကြည်မှုတို့ဖြင့် တစ်လှမ်းပြီးတစ်လှမ်း တက်ရောက်ရခြင်းပင်ဖြစ်သည်။ မိမိတို့၏ဘဝတွင်လည်း အောင်မြင်မှုများနည်းတူ ရင်ဆိုင်ရဖွယ်ရှိသည့်ရှုံးနိမ့်မှုများကို လောက၏ဖြစ်မြဲတရားများအဖြစ်ရှုမြင်ကာ အောင်စိတ်မွေး၍ အောင်မြင်စွာ ကျော်လွှားနိုင်ကြပါစေကြောင်း။    ။

မြန်မာ့အလင်းအယ်ဒီတာ့အာဘော်