နေပြည်တော် ဇွန် ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၆)ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ယနေ့နေ့လယ်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်းက PDF အပါအဝင်အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လိုသူများနှင့် ပတ်သက်၍ အသိပေးထုတ်ပြန်ရသည့် အခြေအနေများ၊ ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ တာဝန်မှ ကင်းကွာနေသော အခြေခံပညာရေး ဝန်ထမ်းများအား ပြန်လည်ဖိတ်ခေါ်ခြင်းနှင့် PDF အမည်ခံ အကြမ်းဖက်သမားများ၏ အကြမ်းဖက် လုပ်ရပ်များကိုလည်းကောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီး ရှင်းလင်းပြောကြားကြသည်။
သတင်းစာရှင်းလင်းပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေး အဖွဲ့ဝင်များ၊ ဝန်ကြီးဌာနအသီးသီးမှ ကိုယ်စားလှယ်များ၊ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် ပြည်တွင်းသတင်းဌာနများ၊ နေ့စဉ်ထုတ် သတင်းစာများ၊ ပြည်တွင်းရုပ်မြင်သံကြားသတင်းဌာနများ၊ ပြည်တွင်းအခြေစိုက် ပြည်ပ သတင်းဌာနများမှ သတင်းထောက်များ တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှု တည်ဆောက်ရေး အခန်းကဏ္ဍတွင် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး ညီညီညွတ်ညွတ်ဖြင့် ပါဝင်ဆောင်ရွက်စေလိုသည့် ဆန္ဒ၊ မိဘပြည်သူအချို့၏ အစိုးရအပေါ် မေတ္တာရပ်ခံချက်၊ သား/သမီးချင်း ကိုယ်ချင်းစာစိတ်နှင့် နိုင်ငံ့အကျိုးကို လိုလားသူများ၏ မျှော်လင့်ချက်များကြောင့် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်း ဝင်ရောက်လိုသူများအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ လက်နက်အပ်နှံပြီး ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်၍ ပြည်သူ့ဘဝကို ပြန်လည် ဝင်ရောက်စေနိုင်ရေး ဆောင်ရွက်ပေးခဲ့မှုများ၊ PDF အဖွဲ့ဝင်များအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်ခဲ့မှုများနှင့် အဆိုပါဖြစ်စဉ်မျိုးသည် ၁၉၈၈ ခုနှစ် တပ်မတော်က နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တာဝန်ယူစဉ်အခါကလည်း ဖြစ်ပေါ်ခဲ့ဖူးသည့် သမိုင်းကြောင်းများ။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အကျိုးဆောင်နိုင်ရေးနှင့်မြှင့်တင်ဆောင်ရွက်ခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ကော်မတီနှင့် EAO များ တိုက်ရိုက်ဆွေးနွေးခြင်း၊ NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေး ပိုမိုခိုင်မာအောင် ဆောင်ရွက်ခြင်း၊ NCA လက်မှတ် မရေးထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို NCA လက်မှတ်ရေးထိုးနိုင်အောင် ရည်ရွယ်၍ ပစ်ခတ်တိုက်ခိုက်မှု လျော့နည်းလာစေရေးနှင့် နှစ်ဖက် သဘောတူညီချက်များ ရရှိရေး စသည့် လုပ်ငန်းစဉ်အလိုက် ချမှတ် ဆောင်ရွက်လျက်ရှိသည်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ ငြိမ်းချမ်းရေးဆွေးနွေးရန် ကမ်းလှမ်းချက်အပေါ် ဆွေးနွေးခဲ့ပြီးသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် တွေ့ဆုံဆွေးနွေးခဲ့မှု များ၊ ဆက်လက်ဆွေးနွေးသွားမည့် အစီအစဉ်များနှင့် ငြိမ်းချမ်းရေး ရရှိရန်အတွက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲသို့ ရောက်ရှိလာခြင်း မရှိသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား တိုင်းပြည်အကျိုး၊ ဒေသအကျိုးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ယခင်ဖိတ်ခေါ် ကမ်းလှမ်းချက်များအတိုင်း ထပ်မံ၍ ဖိတ်ခေါ်ကမ်းလှမ်းထားမှုများ။
အချို့သော ပညာရေးဝန်ထမ်းများသည် နိုင်ငံရေးသမားများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် CDM ပြုလုပ်ခြင်း၊ ခြိမ်းခြောက် အကျပ်ကိုင်ခံရမှုများရှိခြင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင် ပါဝင်ခဲ့ခြင်းများကြောင့် စိုးရိမ်ကြောင့်ကျမှုများ ဖြစ်ပေါ်လာသဖြင့် တာဝန်မှ ကင်းကွာခဲ့မှုများရှိကြရာ ဆရာ၊ ဆရာမများအနေဖြင့် သင်ကြားရေး တာဝန်များကို ပြန်လည် ထမ်းဆောင်နိုင်ရန်အတွက် နောက်ဆုံးတာဝန် ထမ်းဆောင်ခဲ့ရာ ကျောင်း၊ မြို့နယ်ပညာရေးမှူးရုံးသို့ ၎င်းတို့၏ သဘောဆန္ဒအလျောက် သတ်မှတ်ပုံစံဖြည့်၍ အယူခံလွှာတင်သွင်း သတင်းပို့ကြရန် အသိပေး ကြေညာထားမှုများ၊ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ်အတွင်း အကြမ်းဖက်သမားများက ဆရာ၊ ဆရာမ များနှင့် ပညာရေးဝန်ထမ်းများအား အကြမ်းဖက်မှုကျူးလွန်ခဲ့မှုများနှင့် ကျောင်းအဆောက်အဦများအား ဖျက်ဆီးခဲ့မှုများကို video ဖိုင်များ၊ PowerPoint Presentation များဖြင့် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးက မဲဆန္ဒရှင်စာရင်းများ ပြည်စုံမှန်ကန်ရေး အတွက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းများ ဆောင်ရွက်ပြီးစီးမှုနှင့် နိုင်ငံရေးပါတီများ စစ်ဆေးခြင်းအပါအဝင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များကို PowerPoint Presentation ဖြင့် ရှင်းလင်းပြောကြားသည်။
ယင်းနောက် သတင်းဌာနများမှ သတင်းထောက်များ၏ သိရှိလိုသည့်မေးမြန်းမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးနှင့် ဌာနဆိုင်ရာ သတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက ပြန်လည်ရှင်းလင်း ပြောကြားပြီး သတင်းစာရှင်းလင်းပွဲကို ရုပ်သိမ်းခဲ့သည်။
အဆိုပါသတင်းစာရှင်းလင်းပွဲတွင် သတင်းမီဒီယာများ မှီငြမ်းကိုးကားနိုင်ရေးအတွက် PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးအမည်ခံ လက်နက်ကိုင် ဆန့်ကျင်လျက်ရှိသည့် အဖွဲ့အစည်းများမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများနှင့် ပတ်သက်၍ သတိပေး ထုတ်ပြန်ရသည့် အချက်အလက်များ၊ ငြိမ်းချမ်းရေးဆိုင်ရာကိစ္စရပ်များ၊ တာဝန်မှ ကင်းကွာနေသည့် အခြေခံပညာရေး ဝန်ထမ်းများအား ပြန်လည်ဖိတ်ခေါ်သည့်အခြေအနေများ၊ ရွေးကောက်ပွဲ ကော်မရှင်၏ ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ခင်းကျင်းပြသထားရှိရာ တက်ရောက်လာကြသူများက လိုက်လံကြည့်ရှု လေ့လာခဲ့ကြကြောင်းနှင့် သတင်းစာရှင်းလင်းပွဲပြုလုပ်မှု၊ မေးမြန်းဖြေကြားမှု အပြည့်အစုံကို ဆက်လက် ဖော်ပြသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။