Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်းကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ဆေးရုံဝင်းအတွင်းရှိ ဓာတ်မှန်ဆောင်အမိုးနှင့် မျက်နှာကျက်တို့ ထိခိုက်ပျက်စီး

နေပြည်တော် ဇွန် ၁၆

ဇွန်လ ၁၅ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့ရှိ မြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများ ပစ်ခတ်ခဲ့သည့် လက်လုပ်စိန်ပြောင်းကျည်တစ်လုံး ကျရောက်ပေါက်ကွဲခဲ့၍ ဆေးရုံဝင်းအတွင်းရှိ ဓာတ်မှန်ဆောင်အမိုးနှင့် မျက်နှာကျက်တို့ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၅ ရက် မွန်းလွဲ ၁ နာရီ ၅၅ မိနစ်အချိန်တွင် ဒီပဲယင်းမြို့နယ်အတွင်းရှိ PDF အမည်ခံအကြမ်းသမားများက အင်တန်းကျေးရွာဘက်မှနေ၍ ဒီပဲယင်းမြို့အတွင်းသို့ လက်လုပ် စိန်ပြောင်းဖြင့်ပစ်ခတ်ခဲ့ရာ လက်လုပ်စိန်ပြောင်းကျည်မှာ တောင်ပြင်ရပ်ကွက်ရှိ မြို့နယ်ပြည်သူ့ ဆေးရုံဝင်းအတွင်းရှိ ဓာတ်မှန်ဆောင် သွပ်မိုး၊ အုတ်ကာ တစ်ထပ်ဆောင်ပေါ်သို့ ကျရောက် ပေါက်ကွဲခဲ့သဖြင့် ဓာတ်မှန်ဆောင်တွင် မိုးထားသည့် အမိုးသွပ် ၃ ချပ်နှင့် မျက်နှာကျက် ၂ ပေခန့် ပွင့်ထွက်ပျက်စီးခဲ့ပြီး လူနှင့်စက်ပစ္စည်းများ ထိခိုက်မှု မရှိခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ စစ်ရေးပစ်မှတ် မဟုတ်သည့် ဒေသခံပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုပေးနေသည့် ဆေးရုံအတွင်းသို့ လက်လုပ်စိန်ပြောင်းဖြင့် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်သမားများအား နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေး လုပ်ငန်းစဉ်များနှင့်အညီ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။