နေပြည်တော် ဇွန် ၁၆
(၁၃)ကြိမ်မြောက် အာဆီယံ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရေးကော်မတီညှိနှိုင်းအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှကြီးမှူး၍ ဇွန် (၁၃) ရက်မှစတင်ပြီး Virtual စနစ်ဖြင့်ကျင်းပရာ စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ဦးသိန်းဆွေက အလှည့်ကျဥက္ကဋ္ဌအဖြစ် တက်ရောက်ဆောင်ရွက်သည်။
အစည်းအဝေးများတွင် အာဆီယံဒေသတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ASEAN Strategic Action Plan for SME Development (2021-2025) အရ ဆောင်ရွက်လျက်ရှိသည့်အစီအစဉ်များ၊ နှစ်အလိုက် ဦးစားပေးဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းစဉ်များအလိုက် ဆောင်ရွက်ပြီးစီးမှု၊ မိတ်ဖက်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်စီမံကိန်းများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ ဒေသတွင်းနိုင်ငံများအလိုက် ဦးဆောင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာစီမံကိန်းများ၏အခြေအနေများကို ဆွေးနွေးညှိနှိုင်းခဲ့ကြသည်။
ယင်းအစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးဆောင်ဆောင်ရွက်နေသည့် ကိုယ်စားလှယ်များ၊ မိတ်ဖက်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့သည်။ အဆိုပါအစည်းအဝေးများကို တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပလျက်ရှိပြီး ဒေသတွင်းအာဆီယံနိုင်ငံများမှ အိမ်ရှင်နှင့်ဥက္ကဋ္ဌတာဝန်များကို အလှည့်ကျတာဝန်ယူဆောင်ရွက်လျက်ရှိရာ ယခုအစည်းအဝေးကို မြန်မာနိုင်ငံမှ အလှည့်ကျ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်၍ ဇွန် (၁၃) ရက်မှ (၁၆) ရက်အထိ (၄) ရက်ကြာ ကျင်းပခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)