Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် (၁၉)ကြိမ်မြောက် အာဆီယံ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးသို့ တက်ရောက်

နေပြည်တော် ဇွန် ၁၆

(၁၉)ကြိမ်မြောက် အာဆီယံ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးကို ယနေ့မွန်းလွဲ ၁၂ နာရီခွဲတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနက ကြီးမှူး၍ Video Conferencing စနစ်ဖြင့် ကျင်းပရာ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် ပါဝင်တက်ရောက်သည်။

အစည်းအဝေးတွင် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ၊ သိပ္ပံနှင့်နည်းပညာဝန်ကြီး၊ အာဆီယံ သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေး ဥက္ကဋ္ဌ H.E. Prof. Dr. Huynh Thanh Dat က အဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု (Science, Technology and Innovation-STI) သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ရန်နှင့် တည်ငြိမ်အေးချမ်းရေးနှင့် အာဆီယံဒေသအတွင်း ပေါင်းစည်မှု မြှင့်တင်ရာတွင် အရေးပါသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း၊ STI သည် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ (Sustainable Development Goals-SDGs) အများစုကို အောင်မြင်ရန် နည်းလမ်းတစ်ခုဖြစ်ကြောင်း၊ သိပ္ပံနည်းပညာနှင့် တီထွင်မှုဆန်းသစ်မှု (STI) သည် ဒစ်ဂျစ်တယ် အသွင်ပြောင်းခြင်းနှင့် SDGs အောင်မြင်မှုကိုပံ့ပိုးရာတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ကြောင်း၊ မြန်မာနိုင်ငံသည် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှုဆိုင်ရာ အာဆီယံဆောင်ရွက်မှု အစီအစဉ် (၂၀၁၆-၂၀၂၅)-ASEAN Plan of Action on Science, Technology and Innovation(2016-2025)၏ အစီအစဉ်/ လှုပ်ရှားမှုကို အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်ခြင်း၊ ချိတ်ဆက်ဆောင်ရွက်နိုင်မှု စွမ်းဆောင်ရည် မြှင့်တင်ခြင်းနှင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုတို့ကို အလေးထား ဆောင်ရွက်လျက် ရှိကြောင်း ဆွေးနွေး ပြောကြားသည်။

အစည်းအဝေးတွင် အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ သိပ္ပံနှင့်နည်းပညာဆိုင်ရာ ဝန်ကြီးများက အာဆီယံဒေသ အတွင်း သာယာဝပြောသော ရေရှည်တည်တံ့ ခိုင်မြဲသော STI တိုးတက်မှုအတွက် သိပ္ပံနည်းပညာနှင့် ဆန်းသစ်တီထွင်မှု (STI) နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)