Skip to main content

နိုင်ငံတော်၏ ပုံသေပိုင်ပစ္စည်းများ ထိန်းသိမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် ဆုံးရှုံးမှုများအား အရေးယူ ဆောင်ရွက်ခြင်းတို့နှင့် စပ်လျဉ်းသည့် အသိပညာ မျှဝေဆွေးနွေးပွဲ ကျင်းပ

နေပြည်တော် ဇွန် ၁၆

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၏ အသိပညာ မျှဝေရေးအစီအစဉ် (Knowledge Sharing Program-KSP) အရ ကျင်းပသည့် ဆွေးနွေးပွဲ အမှတ်စဉ်(၁၆)ကို “ နိုင်ငံတော်၏ ပုံသေပိုင်ပစ္စည်းများ ထိန်းသိမ်းခြင်း၊ လွှဲပြောင်းခြင်းနှင့် ဆုံးရှုံးမှုများအား အရေးယူဆောင်ရွက်ခြင်း” ခေါင်းစဉ်ဖြင့် ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမတွင် ကျင်းပသည်။

ဆွေးနွေးပွဲတွင် ပြည်ထောင်စု စာရင်းစစ်ချုပ် ဒေါက်တာကံဇော်က ပုံသေပိုင်ပစ္စည်း စီမံခန့်ခွဲမှုသည် အလွန်အရေးကြီးသဖြင့် အစိုးရဌာန၊ အဖွဲ့အစည်းများရှိ ပုံသေပိုင်ပစ္စည်းများကို ပစ္စည်းစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်းကို အနည်းဆုံး တစ်နှစ်တစ်ကြိမ် ဆောင်ရွက်ရန် ဘဏ္ဍာရေးစီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်းတွင် ပြဋ္ဌာန်းထားပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး အနေဖြင့်လည်း နိုင်ငံပိုင်ပစ္စည်းများ ရယူထိန်းသိမ်းခြင်း၊ အသုံးပြုခြင်း၊ စာရင်းရေးသွင်းခြင်း၊ ထုခွဲရောင်းချခြင်းတို့နှင့် စပ်လျဉ်း၍ စစ်ဆေးရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဥပဒေပုဒ်မ ၁၁ (ဇ)အရ တာဝန်ရှိပါကြောင်း၊ စာရင်း စစ်ဆေးရာတွင်လည်း ပုံသေပိုင်ပစ္စည်းစာရင်း စစ်ဆေးခြင်းကို သီးခြားအပိုင်း (Section) တစ်ခုအနေဖြင့် ထည့်သွင်း စစ်ဆေးရပါကြောင်း။

သို့ပါ၍ ယနေ့ဆွေးနွေးမှုများကို အသိပညာ ဖလှယ်ခြင်းသာမက ပညာရပ်ဆိုင်ရာ ဖလှယ်ခြင်းများကိုပါ ရှုထောင့်ပေါင်းစုံမှ စနစ်တကျပါဝင် ဆွေးနွေးခြင်းဖြင့် နိုင်ငံ၏ အနာဂတ်လုပ်ငန်းများကို ထိထိရောက်ရောက် စစ်ဆေးနိုင်သည့် စာရင်းစစ် ဝန်ထမ်းကောင်းများ ဖြစ်စေရေး ကြိုးစားကြစေ လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ် စာရင်းစစ်ချုပ်ရုံးမှ ညွှန်ကြားရေးမှူး ဒေါ်လှလှကျိန်က ပုံသေပိုင်ပစ္စည်းများ ဝယ်ယူခြင်း၊ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ လွှဲပြောင်းခြင်း၊ ပုံသေပိုင်ပစ္စည်း စာရင်းမှပယ်ဖျက်ခြင်းနှင့် ဆုံးရှုံးမှုများကို အရေးယူ ဆောင်ရွက်ခြင်းဆိုင်ရာလုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်များ၊ ပုံသေပိုင်ပစ္စည်း စစ်ဆေးခြင်းနှင့် စပ်လျဉ်းသည့်အတွေ့အကြုံများကို ရှင်းလင်း ဆွေးနွေးသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်(စစ်ဆေးရေး)၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများနှင့် တက်ရောက်လာကြသူများက အပြန်အလှန် ဆွေးနွေး မေးမြန်းခြင်းများ ပြုလုပ်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ (စစ်ဆေးရေး/ စီမံ)၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ လက်ထောက် ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများနှင့် စာရင်းစစ်မှူးများသည် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးစည်းမျဉ်းများနှင့်အညီ စုပေါင်းခန်းမနှင့် နေပြည်တော် သင်တန်းကျောင်းခန်းမ(၂)ခု၊ မြန်မာနိုင်ငံ စာရင်းကောင်စီရုံးခန်းနှင့် တိုင်းဒေသကြီး/ ပြည်နယ် စာရင်းစစ်ချုပ်ရုံးတို့မှ Virtual စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

(သတင်းစဉ်)