Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးကို တွေ့ဆုံ

နေပြည်တော် ဇွန် ၁၆

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် ယနေ့နံနက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး H.E. Mr. Vinay Kumar ဦးဆောင်သော အဖွဲ့က အဆိုပါ ဝန်ကြီးရုံး၊ အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံစဉ် အိန္ဒိယနိုင်ငံမှလှူဒါန်းသည့် ဆန်နှင့်ဂျုံများ ဖြန့်ဝေပြီးစီးမှု၊ လူမှုရေးပညာမဟာဌာန (Social Work Faculty) အတွက် အိန္ဒိယနိုင်ငံမှ သင်ရိုးညွှန်းတမ်းဆိုင်ရာ နည်းပညာ အကူအညီပေးရေး၊ ပညာတော်သင် အကူအညီပေးရေး၊ ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေးအတွက် အိန္ဒိယနိုင်ငံအစိုးရနှင့် နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးဆောင်ရွက်နေသည့် စီမံကိန်းများတိုးတက်မှုနှင့် စီမံကိန်းအကောင်အထည်ဖော်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများနှင့် အာဆီယံက မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ နောက်ဆုံးဖြစ်ပေါ် တိုးတက်မှုများကို ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။

မကြာသေးမီက အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီအဖြစ် ဆန်တန်ချိန် (၁၀၀၀၀)နှင့် ဂျုံတန်ချိန် (၂၀၀) လှူဒါန်းနိုင်ရေးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကြောင့် လူမှုစီးပွားဘဝ ထိခိုက်ခံရသော ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အကူအညီ လိုအပ်သော အိမ်ထောင်စုများထံ ဖြန့်ဝေမှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်အတူ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)