Skip to main content

သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်(သန်လျင်)နှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၏ စက်မှုလက်မှုအလုပ်ရုံ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၅

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုး ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက သမဝါယမနှင့်စီမံခန့်ခွဲမှုပညာ တက္ကသိုလ်(သန်လျင်)သို့ ရောက်ရှိပြီး အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေကြသည့် ပထမနှစ်နှင့် စတုတ္ထနှစ် ကျောင်းသား/ကျောင်းသူများနှင့် တွေ့ဆုံပြီး အားပေးစကား ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။

တွေ့ဆုံစဉ် ကျောင်းအုပ်ကြီး ပါမောက္ခချုပ် ဒေါက်တာရီရီဝင်းက သမဝါယမပညာရပ်များ သင်ကြားပို့ချပေးနေမှုနှင့် တက္ကသိုလ်၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ မှာကြားပြီး ကျောင်းစာကြည့်တိုက်၊ စာသင်ဆောင်များကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၏ စက်မှုလက်မှုအလုပ်ရုံသို့ရောက်ရှိပြီး လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်နေမှုနှင့် အလုပ်ရုံအတွင်းရှိ စက်ကိရိယာများကို ကြည့်ရှုစစ်ဆေးသည်။

သတင်းစဉ်