Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မင်းပြားတပ်နယ်မှ အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

နေပြည်တော် ဇွန် ၁၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် မင်းပြားတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ရိပ်သာ၌ တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)က အမှာစကား ပြောကြားရာတွင် တပ်မတော်သားများဖြစ်၍ သွားလာနေထိုင်မှုမှအစ လုပ်ငန်းတာဝန် ထမ်းဆောင်မှုများတွင် လုံခြုံရေးအသိ၊ လုံခြုံရေးသတိဖြင့် ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းတာဝန် ထမ်းဆောင်ရာတွင် တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်၍မရဘဲ အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အောင်မြင်အောင် လုပ်ကိုင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဖွဲ့အစည်းလိုက် မိသားစုပုံစံ ဖွဲ့စည်းဆေင်ရွက်ရသဖြင့် အချင်းချင်း နားလည်မှုနှင့် စည်းလုံးညီညွတ်နေရန် လိုကြောင်း၊ စည်းလုံးညီညတ်ရန်အတွက် နိုင်ငံတော်နှင့် တပ်မတော်မှ ဖြည့်ဆည်းပေးသော ထောက်ပံ့ပေးမှုများကို အချိန်မှီ မှန်မှန်ကန်ကန် ရရှိအောင် တာဝန်ရှိသူများက စီမံဆောင်ရွက်ပေးရန် လိုကြောင်း၊ တာဝန်ပေးအပ်ရာတွင်လည်း လူမှန်နေရာမှန်ဖြင့် မျှတစွာ တာဝန်ပေးရန်လိုကြောင်း၊ တပ်မှူးများသည် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ ဘဝလုံခြုံရေးကို တပ်မတော်၏ ညွှန်ကြားချက် စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်ပေးရန် တာဝန်ရှိ၍ ထိုသို့ဆောင်ရွက်ပေးခြင်းဖြင့် ပေးအပ်သောတာဝန်ကို နောက်ဆံမတင်းဘဲ ကျေပွန်စွာ ထမ်းဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထောက်ပံ့ပေးသည့် ရသင့်ရထိုက်သည်များ အချိန်မှန်ရရှိရန်မှာ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုင်ရာ လုပ်ငန်းတာဝန်များကို မလစ်ဟင်းအောင် ကြပ်မတ်နေရမည်ဖြစ်ကြောင်း၊ သင်ကြားပေးသည့် စစ်ပညာများကို မေ့ထား၍မရဘဲ လက်တွေ့အသုံးချနိုင်ရန် လိုကြောင်း၊ ထိုသို့အသုံးချနိုင်ရန်မှာ အမြဲတမ်း လေ့ကျင့်မှုဖြင့်သာ ရရှိနိုင်မည်ဖြစ်၍ စဉ်ဆက်မပြတ် လေ့ကျင့်ခြင်းဖြင့် နိုင်ငံတော် ကာကွယ်ရေးတာဝန်အတွက် အသင့်ဖြစ်နေစေရေး ပြင်ဆင်ထားရန်လိုကြောင်း။

ပညာရေးကဏ္ဍနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲအနေဖြင့် ရှေးယခင်ကပင် အားပေးချီးမြှောက်မှုများ ပြုလုပ်ခဲ့ပြီး ပညာရေးထောက်ပံ့မှုများ သတ်မှတ်ဆောင်ရွက် ပေးခဲ့ကြောင်း၊ ထူးချွန်သူများကိုလည်း ချီးမြင့်မြှောက်စားသကဲ့သို့ အဆင့်မြင့်ပညာရေးတွင် ထူးချွန်သူများကို မဟာတန်း၊ ပါရဂူတန်းများအထိ သင်ကြားနိုင်ရန် စီမံဆောင်ရွက် ပေးခဲ့ကြောင်း၊ သို့ဖြစ်၍ တပ်မတော်သားများနှင့် မိသားစုဝင်များအနေဖြင့် ရရှိသည့် အခွင့်အရေးကို အမိအရဆုပ်ကိုင်ကာ အကျိုးရှိအောင် ဆောင်ရွက်သွားရန်လိုကြောင်းနှင့် တပ်တွင်းနေ မိသားစု သားသမီးများအနေဖြင့်လည်း အနည်းဆုံး KG+9 အောင်မြင်စေရန် သက်ဆိုင်ရာ မိဘများသာမက တပ်ပိုင်းဆိုင်ရာ ဦးစီးဦးဆောင် ပြုနေသည့် တာဝန်ရှိသူများကပါ ကူညီပံ့ပိုးပေးကြရန် လိုအပ်ကြောင်း။

ကျန်းမာရေးကဏ္ဍနှင့်ပတ်သက်၍ တပ်မတော်သားတို့၏ လုပ်ငန်းသဘော သဘာဝအရ ကျန်းမာကြံ့ခိုင်နေရန် အရေးကြီးကြောင်း၊ ကျန်းမာကြံ့ခိုင်မှသာ မိသားစုအရေး၊ နိုင်ငံအရေး တာဝန်များကို ထမ်းဆောင်နိုင်မည် ဖြစ်ကြောင်း၊ တပ်ဌာနချုပ်များတွင် လိုအပ်သော ဆေးမှူး၊ သူနာပြု၊ သားဖွားဆရာမများဖြင့် လုံလောက်စွာ ဖွဲ့စည်း၍ ဆေးဝါးကိရိယာများ ဖြည့်ဆည်းပေးထားပြီးဖြစ်ကြောင်း၊ မိုးတွင်းကာလ မိုးရာသီအလိုက် ဖြစ်ပွားတပ်သော ရောဂါများ ကျန်းမာရေးအသိရှိစွာဖြင့် ကြိုတင်ကာကွယ်သွားရန် လိုကြောင်း၊ ကျန်းမာရေးအတွက် တစ်ဦးခြင်းနှင့် မိသားစုအလိုက် ကိုယ်တိုင်ထိမ်းသိမ်း ဂရုစိုက်၍ နေထိုင်စားသောက်သွားကြရန် လိုကြောင်းဖြင့် မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည် မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။