Skip to main content

မြို့နယ်အချို့၌ အနာဂတ်မျိုးဆက်သစ် လူငယ်များအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက အကြမ်းဖက် ခြိမ်းခြောက်မှုများနှင့် သတ်ဖြတ်မှုများ လုပ်ဆောင်

နေပြည်တော် ဇွန် ၁၅

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏ အနာဂတ် မျိုးဆက်သစ်လူငယ်များ၏ ပညာရေး နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာ အသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်မှ စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိရာ NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေး အစွန်းရောက် အကြမ်းဖက်များက အနာဂတ် မျိုးဆက်သစ်လူငယ်များ၏ ပညာသင်ကြား သင်ယူခွင့် အခွင့်အလမ်းများ ပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများ၌ ပညာသင်ကြားရေးကို ဆန့်ကျင်ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်ခြင်း၊ အကြမ်းဖက် သတ်ဖြတ်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်၊ ရေနံတောင်ကျေးရွာရှိ ရေနံတောင် အခြေခံပညာ အထက်တန်းကျောင်း၌ လည်းကောင်း၊ ကြံခင်းမြို့နယ်၊ ညောင်ဝိုင်းကျေးရွာရှိ ညောင်ဝိုင်း အခြေခံပညာ မူလတန်းကျောင်း၌ လည်းကောင်း၊ နံနက် ၇ နာရီ ၁၅ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်ရှိ စာသင်ကျောင်း၌ လည်းကောင်း အနာဂတ်လူငယ်များ၏ ပညာသင်ကြားခြင်းကို အဟန့်အတားဖြစ်စေသည့် ခြိမ်းခြောက်စာများ ရေးသားထားသည်ကို တွေ့ရှိရသည်။

ထို့ပြင် ယနေ့နံနက် ၈ နာရီ ၁၀ မိနစ်ခန့်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်နေ ကိုဘိုမင်းသူ(၃၅)နှစ် (ဘ)ဦးဇော်မင်းဦးသည် ၎င်း၏သားဖြစ်သူအား ကျောင်းသို့ပို့ဆောင်ပြီး ပြန်လာစဉ် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်၊ အမှတ်(၇၀)ရပ်ကွက်၊ ကျောင်းလမ်းနှင့် အောင်ချမ်းသာ(၂) လမ်းထောင့်သို့ အရောက်၌ မော်တော်ဆိုင်ကယ် စီးနင်းလာသည့် အကြမ်းဖက်အမျိုးသား ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့ရာ ကိုဘိုမင်းသူတွင် ကျည်ထိမှန်ဒဏ်ရာများ ရရှိခဲ့သဖြင့် သင်္ဃန်းကျွန်းမြို့နယ် စံပြဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်း မပြုနိုင်စေရန် ရည်ရွယ်၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများနှင့် ရက်စက်စွာသတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။