Skip to main content

ဥပဒေဘောင်အတွင်း ဝင်ရောက်လာသည့် ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော မန္တလေးတိုင်းဒေသကြီးအတွင်းမှ PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ထပ်မံလွှဲပြောင်းပေးအပ်

နေပြည်တော် ဇွန် ၁၅

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သည့် ဥပဒေဘောင်အတွင်း ဝင်ရောက်လာသော မန္တလေးတိုင်းဒေသကြီးအတွင်းမှ PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ ထပ်မံလွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ သင်တန်းကျောင်းခန်းမ၌ ပြုလုပ်ရာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တပ်ရင်း/ တပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ဝင်ရောက်ခဲ့သည့် ပြစ်မှုကျူးလွန်ခြင်း မရှိခဲ့သော မန္တလေးတိုင်းဒေသကြီး၊ မြို့နယ် (၇)မြို့နယ်တို့မှ PDF အဖွဲ့ဝင် ၁၅ ဦးတို့ကို ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးကြသည်။

PDF အပါအဝင် အဖွဲ့အစည်း အမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင် အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်း ပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်အစိုးရက ထုတ်ပြန်ထားပြီးဖြစ်ရာ ပြစ်မှု ကျူးလွန်ခဲ့ခြင်းမရှိသော PDF အဖွဲ့ဝင်များက တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လျက်ရှိကြသဖြင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လွှဲပြောင်းအပ်နှံပေးလျက်ရှိကြောင်း သတင်းရရှိသည်။