နေပြည်တော် ဇွန် ၁၅
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ဇွန် ၁၂ ရက်မှ ၁၅ ရက်အထိ ဧရာဝတီတိုင်းဒေသကြီးရှိ ပုသိမ်၊ ဟင်္သာတ၊ မအူပင်မြို့တို့ရှိ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီးသည် ဇွန် ၁၂ ရက်နှင့် ၁၃ ရက်နေ့တို့တွင် ပုသိမ်မြို့ရှိ နည်းပညာတက္ကသိုလ်(ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (ပုသိမ်)သို့ရောက်ရှိပြီး ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံကာ သင်ကြားသင်ယူမှုများတွင် လုပ်ငန်းခွင်၌ လက်တွေ့အသုံးချနိုင်သော သုတေသနလုပ်ငန်းများနှင့် Project များကို ပိုင်နိုင်စွာ လုပ်ကိုင်နိုင်အောင် သင်ကြားပြသပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့၏ ကျောင်းသား၊ ကျောင်းသူများအား အဖက်ဖက်မှ အရည်အသွေးပြည့်ဝစေရန် ပုံမှန်သင်ကြားရေးသာမက အားကစားပြိုင်ပွဲများ ကျင်းပပေးခြင်း၊ အသင်းအဖွဲ့ဖြင့် ဆောင်ရွက်တတ်သော အမျိုးသားယဉ်ကျေးမှုကို လေးစားတန်ဖိုးထားသော၊ စိတ်ဓါတ်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုသော အခြားသော အခမ်းအနားများလည်း ကျင်းပပေးခြင်းတို့ ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် နည်းပညာတက္ကသိုလ် (ပုသိမ်)၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ပုသိမ်)တို့ရှိ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားသင်ယူ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးသည်။
ဇွန် ၁၄ ရက်တွင် ပြည်ထောင်စုဝန်ကြီးသည် ဟင်္သာတမြို့ရှိ နည်းပညာတက္ကသိုလ် (ဟင်္သာတ)၊ ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (ဟင်္သာတ)သို့ လည်းကောင်း၊ ဇွန် ၁၅ ရက်တွင် မအူပင်မြို့ရှိ နည်းပညာတက္ကသိုလ် (မအူပင်)၊ ကွန်ပျူတာတက္ကသိုလ်(မအူပင်)နှင့် အစိုးရနည်းပညာ အထက်တန်းကျောင်း (မအူပင်)သို့ လည်းကောင်း၊ ရောက်ရှိပြီး သက်ဆိုင်ရာကျောင်းများမှ ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုနိုင်သည့် အရည်အချင်းပြည့်ဝသော ပညာရှင်များဖြစ်လာအောင် မွေးထုတ်သင်ကြားပေးရန် လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများသည် မိမိတို့၏ သက်ဆိုင်ရာဘာသာရပ် နယ်ပယ်အသီးသီး၌ မိမိတို့ တတ်သိနားလည်ထားသလောက်ဖြင့် ကျေနပ်မနေဘဲ မိမိတို့၏ အရည်အသွေး ပိုမိုမြင့်မားမှုရှိလာစေရန်အတွက် စဉ်ဆက်မပြတ် လေ့လာမှုများ လုပ်ဆောင်ကြရန် တိုက်တွန်းမှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများနှင့် ကွန်ပျူတာခန်းများတွင် ကျောင်းသား၊ ကျောင်းသူများ သင်ကြားသင်ယူ ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ခရီးစဉ်အတွင်း ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ပါမောက္ခချုပ်များ၊ ကျောင်းအုပ်ကြီးများ၊ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို မှာကြားညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်