နေပြည်တော် ဇွန် ၁၅
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး မစ္စတာ ဗီနေးကူးမား ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ကို ကျန်းမာရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်နေသည့်ကိစ္စ၊ အိန္ဒိယနိုင်ငံ၏ ကူညီထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံတွင် State-of-the-Art ဆေးရုံ တည်ဆောက်ရေးဆိုင်ရာလုပ်ငန်းများ ပြန်လည်စတင်ရေးဆိုင်ရာ ကိစ္စ၊ အိန္ဒိယနိုင်ငံမှ မြန်မာနိုင်ငံသို့ ဆေးနှင့် ဆေးပစ္စည်းများ တင်သွင်းရာတွင် လျင်မြန်ချောမွေ့စေရေးကိစ္စ၊ မြန်မာနိုင်ငံ၏ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆေးသုတေသန လုပ်ငန်းများတွင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ၊ အိန္ဒိယနိုင်ငံတွင် ကျောက်ကပ်အစားထိုး၊ အသည်းအစားထိုး ခွဲစိတ်ခြင်းများကဲ့သို့သော အဆင့်မြင့် ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု သင်တန်းများကို မြန်မာနိုင်ငံမှ ကျန်းမာရေးဝန်ထမ်းများ စေလွှတ်သင်ကြားနိုင်ရေးကိစ္စ၊ ကင်ဆာရောဂါ ဆေးကုသမှုလုပ်ငန်းများ ပိုမိုအားကောင်းစေရေး အိန္ဒိယနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ တိုင်းရင်းဆေးပညာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်နိုင်ရေးကိစ္စ၊ အိန္ဒိယနိုင်ငံမှ ပုဂ္ဂလိကလုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများနှင့် မိမိတို့ဘက်မှ ပံ့ပိုးပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများကို ရင်းနှီးခင်မင်စွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်