Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း နေပြည်တော် အမျိုးသားပရဆေးဥယျာဉ်သို့ သွားရောက်ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၄

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုနယ်မြေနေပြည်တော် ဇမ္ဗူသီရိမြို့နယ် ပျဉ်းမနား-တောင်ညိုလမ်းရှိ အမျိုးသားပရဆေးဥယျာဉ်သို့ သွားရောက်ကြည့်ရှု စစ်ဆေးသည်။

စစ်ဆေးကြည့်ရှု

ဦးစွာပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် အမျိုးသားပရဆေးဥယျာဉ် နေပြည်တော်တွင် တိုင်းရင်းဆေးပင်များဖြစ်သည့် ဆေးခါးကြီး၊ သကြားမကိုဋ်၊ မဟာကာကြံဆစ်၊ နနွင်းစသည်တို့ကို စိုက်ခင်း၊ စိုက်ကွက်များဖြင့် စနစ်တကျပျိုးထောင် စိုက်ပျိုးထားရှိမှု၊ ရောဂါကြီးခြောက်မျိုးအတွက် တိုင်းရင်းဆေးပင်များနှင့် ဂမုန်းပင်အမျိုးမျိုးကို ပျိုးထောင်ထားရှိသည့် ပျိုးဥယျာဉ်နှင့် တိုင်းရင်းဆေး ဥယျာဉ်အတွင်း၌ တိုင်းရင်းဆေးပင်အမျိုးအမည် စုံလင်စွာဖြင့် စိုက်ပျိုးထားရှိသည့် အခြေအနေများ၊ အမျိုးသားပရဆေးဥယျာဉ်အတွင်းရှိ အာဆီယံနှင့် BIMSTEC အဖွဲ့ဝင် နိုင်ငံ့အကြီးအကဲများ စိုက်ပျိုးခဲ့သည့် ဆေးဖက်ဝင်အပင်များကို စနစ်တကျထိန်းသိမ်း စိုက်ပျိုးထားသည့်အခြေအနေ၊ တိုင်းရင်းဆေးပညာ ပြတိုက်တွင် တိုင်းရင်းဆေးပညာဆိုင်ရာ သိကောင်းစရာများနှင့် တိုင်းရင်းဆေးဖက်ဝင်ပစ္စည်းများ၊ ဆေးဝါးများ ခင်းကျင်းပြသထားမှုများကို လှည့်လည် စစ်ဆေးကြည့်ရှုသည်။

ဆက်လက်၍ ရှင်းလင်းဆောင်တွင် တိုင်းရင်းဆေးပညာဦးစီးဌာနမှ တာဝန်ရှိသူက တိုင်းရင်းဆေး ပညာဦးစီးဌာနအောက်ရှိ ပရဆေးဥယျာဉ်ဌာနခွဲတွင်ရှိသည့် အမျိုးသားပရဆေးဥယျာဉ် နေပြည်တော် အပါအဝင် နိုင်ငံတစ်ဝန်းရှိ ပရဆေးဥယျာဉ် ကိုးခုနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပရဆေးဥယျာဉ် အသီးသီးတွင် တိုင်းရင်းဆေးပင်များ စိုက်ပျိုးရာ၌ နေရာဒေသ၊ ရာသီဥတုအလိုက် သင့်တော်မည့်ဆေးပင်များကို စနစ်တကျစိုက်ပျိုးရန်လိုအပ်ကြောင်း၊ အမျိုးသားပရဆေးဥယျာဉ် နေပြည်တော်သည် ပရဆေးဥယျာဉ်များအနက် အကြီးဆုံးဖြစ်ပြီး စံပြဖြစ်ရန်လိုအပ်ကြောင်း၊ အမျိုးသားပရဆေး ဥယျာဉ်သည် နေပြည်တော်၏ အဓိကအချက်အချာကျသည့်နေရာတွင်တည်ရှိပြီး သွားလာရေးလည်း လွယ်ကူသည့်နေရာဖြစ်သည့်အတွက် ပြည်သူများအနေဖြင့် တိုင်းရင်းဆေးပညာဆိုင်ရာ အသိပညာများ ရရှိစေရေးအတွက် အပန်းဖြေရင်းလေ့လာနိုင်သည့် နေရာတစ်ခုအဖြစ် ဖန်တီးပေးရန်လိုအပ်ကြောင်း။

တိုင်းရင်းဆေးပညာရပ်နှင့်ပတ်သက်သည့် သင်တန်းများနှင့် မွမ်းမံသင်တန်းများကို စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ထို့အပြင် အာဆီယံ၊ BIMSTEC စသည့် အဖွဲ့အစည်းများနှင့် အဖွဲ့ဝင်နိုင်ငံများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့နှင့် တိုင်းရင်းဆေးပညာရပ် တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာ ဆက်သွယ်မှုများကို တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ မိမိတို့၏ မျိုးရိုးစဉ်ဆက် အမွေဆက်ခံရရှိခဲ့သည့် တိုင်းရင်းဆေးပညာရပ်များ မပျောက်ပျက်စေရေးအတွက် စနစ်တကျမှတ်တမ်းတင်ထားရှိရမည် ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာကို ဆည်းပူးလေ့လာလိုသူများနှင့် သုတေသနပြုလိုသူများအတွက် စနစ်တကျလေ့လာနိုင်သည့် တိုင်းရင်းဆေးဥယျာဉ်ကြီးဖြစ်အောင် ထိန်းသိမ်းသွားရမည်ဖြစ်ကြောင်း၊ တိုင်းရင်းဆေးပညာနှင့်ပတ်သက်သည့် သုတေသနလုပ်ငန်းများကိုလည်း စနစ်တကျဆောင်ရွက်ခြင်း၊ မှတ်တမ်းတင်ထားရှိခြင်းများ ဆောင်ရွက်၍ မိမိတို့၏တိုင်းရင်းဆေးဝါးများ နိုင်ငံတကာအလယ်တွင် ဂုဏ်သတင်း ကျော်စောစေရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ယင်းနောက် တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစုစုဒွေးက လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ရာ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်ချက်များ ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ကျန်းမာရေးဝန်ကြီးဌာန တိုင်းရင်းဆေးပညာ ဦးစီးဌာနအောက်၌ နေပြည်တော် ပြည်ထောင်စုနယ်မြေတွင် အမျိုးသားပရဆေးဥယျာဉ်နှင့် ရေဆင်းပရဆေးဥယျာဉ်၊ မန္တလေးတိုင်းဒေသကြီးတွင် ရေတံခွန်တောင်ပရဆေးဥယျာဉ်၊ ဖောင်းတောပရဆေးဥယျာဉ်၊ ဆည်ပေါက်ပရဆေးဥယျာဉ်၊ တိုင်းရင်းဆေး တက္ကသိုလ်ပရဆေးဥယျာဉ်၊ ရန်ကုန်တိုင်းဒေသကြီးတွင် ရွာသာကြီးပရဆေးဥယျာဉ်၊ ကြို့ကုန်းပရဆေးဥယျာဉ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် မြိတ်ကန်သာယာပရဆေးဥယျာဉ် စုစုပေါင်းပရဆေးဥယျာဉ် ကိုးခုရှိပြီး တိုင်းရင်းဆေးပင်အမျိုးမျိုး နှစ်သိန်း ခုနစ်သောင်းခန့် စိုက်ပျိုးထားရှိကြောင်း သိရှိရပြီး အမျိုးသားပရဆေးဥယျာဉ် နေပြည်တော်သည် တိုင်းရင်းဆေးဥယျာဉ်များအနက် အကြီးဆုံးဖြစ်ကာ အကျယ်အဝန်း ၁၉၆ ဒသမ ၄ ဧက ရှိကာ ၂၀၀၈ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်