Skip to main content

ယူရီးယားမြေဩဇာများ တောင်သူများလက်ဝယ်သို့ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးသွားမည်

နေပြည်တော် ဇွန် ၁၄

အရည်အသွေးနှင့်စံချိန်စံညွှန်းပြည့်မီပြီး ဈေးနှုန်းသင့်တင့်သည့် ယူရီးယားမြေဩဇာများကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ အရောင်းဆိုင်များမှတစ်ဆင့် တောင်သူများလက်ဝယ်သို့ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် သက်သာစွာဖြန့်ဖြူးရောင်းချနိုင်ရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းက ရုံးအမှတ်(၁၆) သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာအဖွဲ့ဝင်ကုမ္ပဏီများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ကိုယ်စားလှယ်များ၊ ယူရီးယားမြေဩဇာဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဦးဆောင်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိရာ အရည်အသွေးပြည့်မီသည့် ယူရီးယားမြေဩဇာများကို တောင်သူများ လက်ဝယ်အရောက် ဈေးနှုန်းသက်သာစွာဖြင့် စိုက်ပျိုးရာသီအမီ ရောင်းချပေးနိုင်ရေးသည် အဓိကဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် မြေဩဇာများ ဝယ်ယူရာတွင် လွယ်ကူရိုးရှင်းသောပုံစံများဖြင့် ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် အသီးသီးထံမှလည်း ဒေသအလိုက် ယူရီးယားမြေဩဇာ အမှန်တကယ်လိုအပ်ချက်များကို တောင်းခံထားပြီးဖြစ်ပါကြောင်း၊ မိမိတို့ ဦးဆောင်ကော်မတီဝင်များအနေဖြင့် လက်ရှိတင်သွင်းထားသော ယူရီးယားမြေဩဇာများကိုတောင်သူများထံသို့ စိုက်ပျိုးရာသီအမီ မြန်မြန်ဆန်ဆန် ရောင်းချနိုင်ရေးအတွက် အစီအစဉ်များကို ဝိုင်းဝန်းဆွေးနွေးကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအတွင်းရေးမှူး အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က ယူရီးယားမြေဩဇာများအား လက်ရှိတွင် ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် ဧရာဝတီတိုင်းဒေသကြီးများသို့ ယူရီးယားမြေဩဇာ တန်ချိန် ၆၀၀၀၀ ကျော် ဖြန့်ဖြူးရောင်းချနေမှုအခြေအနေများကို လည်းကောင်း၊ မြို့နယ်များရှိ အရောင်းဆိုင်များတွင်သတ်မှတ် စည်းကမ်းများနှင့်အညီ မြန်မြန်ဆန်ဆန် အချိန်မီ ရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

 ထို့နောက် အစည်းအဝေးတက်ရောက်ကြသော Consortium အဖွဲ့ကိုယ်စား တာဝန်ရှိသူတစ်ဦးက ယူရီးယားမြေဩဇာတင်သွင်းထားရှိမှုနှင့် ထပ်မံတင်သွင်းမည့် အခြေအနေများကိုလည်းကောင်း၊ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတစ်ဦးက ယူရီးယားမြေဩဇာ ဖြန့်ဖြူးရောင်းချနေမှု အခြေအနေများကိုလည်းကောင်း၊ ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီဝင် များဖြစ်ကြသော သက်ဆိုင်ရာဝန်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများက ယူရီးယားမြေဩဇာဖြန့်ဖြူး ရောင်းချနေမှုနှင့်ပတ်သက်၍ ဆောင်ရွက်ပေးနေမှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်