Skip to main content

လှည်းကူးမြို့နယ်ညောင်နှစ်ပင် အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမ ပြင်ဆင်ထိန်းသိမ်းနေမှုကို ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၄

ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယမန်နေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာအနီး အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမသို့ သွားရောက်သည့် အမှတ် (၁) ခရိုင်ချင်းဆက်လမ်းမိုင် (၀/၀)မှ မိုင်(၅/၇) အတွင်း လမ်းပြုပြင်နေမှုနှင့် ကျောက်ချောလမ်း ဖောက်လုပ်နေမှုကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်သားအင်အားဖြန့်ခွဲတာဝန်ပေးမှု စနစ်တကျ စီမံဆောင်ရွက်ရန်၊ စက်ယာဉ်ယန္တရားများ ထပ်မံဖြည့်ဆည်းဆောင်ရွက်ရန်၊ လမ်းဘေးဝဲယာ ကျူးကျော်တဲများ ရှင်းလင်းရန်၊ လမ်းနယ်နိမိတ်နှင့် မလွတ်ကင်းသည့်ချုံနွယ် သစ်ကိုင်းများ ရှင်းလင်း၍ လမ်းအလင်းဖွင့်ရန်၊ လမ်းပြုပြင် ဆောင်ရွက်နေစဉ် ဂဝံသယ်ယာဉ်များ သွားလာမှုကို ခေတ္တဆိုင်းငံ့ထားရှိရန်အတွက် ကန့်သတ်တိုင်များ စိုက်ထူထားရှိရန်နှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဂရုပြုရန်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ဆတ်သွားတော-ညောင်နှစ်ပင်လမ်းကို ၁၈ ပေ အကျယ်ချဲ့ခြင်း၊ လမ်းပခုံးပြုပြင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ညောင်နှစ်ပင်အမျိုးသားညီလာခံ ပြည်ထောင်စုခန်းမ အဝင်မြေသားလမ်း အမာခံ လမ်းဖောက်လုပ်နေ မှုကိုလမ်းတစ်လျှောက် လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။

ယင်းနောက်အမျိုးသား ညီလာခံပြည်ထောင်စုခန်းမ ပြင်ဆင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ပြင်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ရာတွင် အဆောက်အဦဦးစီးဌာနအနေဖြင့် မူလပုံစံမပျက်ဆောင်ရွက်ရန်လိုကြောင်း၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့် ထိန်းသိမ်းခြင်း လုပ်ငန်းကို ရေရှည်တည်တံ့အောင်ထိန်းသိမ်းမည့် စီမံချက်ရေးဆွဲဆောင်ရွက်ရန်လိုကြောင်း၊ မြေဧရိယာ ပိုင်ဆိုင်မှုကိုပြန်လည်တိုင်းတာ သတ်မှတ်ပြီး မြေပုံပြန်ထုတ် နိုင်ရန်အတွက်လည်း ဌာနဆိုင်ရာ အချင်းချင်းညှိနှိုင်း ပူးပေါင်းဆောင်ရွက်ရန်မှာကြားသည်။

မွန်းလွဲပိုင်းတွင်ဒုတိယ ဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက် (ရန်ကုန်-နေပြည်တော်) လမ်းပိုင်းကို ကြည့်ရှုစစ်ဆေးပြီး မိုင်(၂၀၄/၀) နှင့် (၂၀၄/၁) ကြားမှတစ်ဆင့် နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအဝင်လမ်း လမ်းအူကြောင်းဖောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းလယ်ကျွန်းများ ဆောင်ရွက်ရာတွင် ဂငယ်ကွေ့များကို ဘေးကင်းမှုနှင့် အန္တရာယ်မရှိစေရေးအတွက် ထည့်သွင်းစဉ်းစား ဆောင်ရွက်ရန်၊ မြေသားလုပ်ငန်း၊ ကျောက်စီမြေထိန်းနံရံ ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် သတ်မှတ်ချိန်ပြီးစီးရေးအတွက် ကာယလုပ်သား၊ စက်ယာဉ်ယန္တရားများကို စနစ်တကျ တာဝန်ခွဲဝေ ဆောင်ရွက်ရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်