Skip to main content

ဘေးအန္တရာယ်လျော့ပါးသက်သာစေရေး ဆန်းစစ်မှုဆိုင်ရာ သတင်းအချက်အလက်များနှင့် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဆောလျင်စွာ ရရှိနိုင်ရန်လိုအပ်

နေပြည်တော် ဇွန် ၁၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မိုးလေဝသခန့်မှန်းချက်များနှင့် ကြိုတင်သတိပေးချက်များအပေါ် သိမြင်နားလည်မှု စွမ်းဆောင်ရည်မြှင့်တင်ခြင်း (Capacity Building Training for Forecast Translation) သင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က မြန်မာနိုင်ငံသည် ပထဝီဝင်တည်နေရာ ရေမြေအနေအထားတို့ အရရာသီဥတုနှင့်ဆက်စပ်သည့် သဘာဝဘေးအန္တရာယ် အများဆုံးဖြစ်ပေါ်ခံစားရသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊ နွေ၊ မိုး၊ ဆောင်း ဥတုသုံးပါးအနက် မိုးကာလသည် သဘာဝဘေးပိုမိုဖြစ်ပွားလေ့ရှိပါကြောင်း၊ ဘေးအန္တရာယ်များ၏ သဘောသဘာဝအရ မဖြစ်ပွားစေရေး တားဆီး၍ မရနိုင်သော်လည်း ဘေးအန္တရာယ်များ၏ သက်ရောက်မှုကြောင့် ထိခိုက်ဆုံးရှုံးမှုများမှ လျော့နည်းစေရန် ကြိုတင်ပြင်ဆင်ရေး၊ ကြိုတင်ကာကွယ်ရေး၊ ဘေးလျော့ပါးရေး စသောနည်းလမ်းများဖြင့် စီမံဆောင်ရွက်ကြရပါကြောင်း၊ ကြိုတင်ပြင်ဆင်ရေး နည်းလမ်းသည် အဓိကကျသော လုပ်ငန်းကဏ္ဍတစ်ခု ဖြစ်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှု အားကောင်းနိုင်စေရေးအတွက် ဘေးအန္တရာယ် လျော့ပါးသက်သာစေရေး ဆန်းစစ်မှုဆိုင်ရာ သတင်းအချက်အလက်များနှင့် မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ ဆောလျင်စွာ ရရှိနိုင်ရန် လိုအပ်သကဲ့သို့ ရရှိထားသော သတင်းအချက်အလက်များအပေါ် အများပြည်သူအလွယ်တကူ သဘောပေါက်သိမြင်နားလည်နိုင်ရေး ဖော်ပြရေးသား ပြောဆိုနိုင်ရန်လည်း အရေးကြီးပါကြောင်း။

ယခု သင်တန်းဖွင့်လှစ်ခြင်းသည် လူ့စွမ်းအားအရင်းအမြစ်အတွက် များစွာအကျိုးရှိပါကြောင်း၊ သင်တန်းတက်ရောက်ကြသည့် သင်တန်းသားများ အနေဖြင့် ယခုသင်တန်းတွင် ပို့ချမည့်ဘာသာရပ်ဆိုင်ရာ အခြေခံဗဟုသုတများကို ဂရုတစိုက် လေ့လာကြပါရန်နှင့် တာဝန်ကျရာ ဒေသများအလိုက် ဖြစ်ပွားလေ့ရှိသော ဘေးအမျိုးအစားများနှင့်ပတ်သက်ပြီး သိသင့်သိထိုက်သည်များကို ပို့ချပေးမည့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များထံမှ သေချာစွာ ကြိုးစားလေ့လာမှတ်သားကြရန် မှာကြားလိုပါကြောင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်သည့် ကြိုတင်သတိပေးခြင်းလုပ်ငန်းများတွင် ဦးစီးဌာန အချင်းချင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှု ယခုထက် ပိုမိုတိုးတက်လုပ်ဆောင်နိုင်ကြရန်လည်း မျှော်မှန်းထားပါကြောင်း ပြောကြားသည်။

သင်တန်းသို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနရုံးချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ် အသီးသီးမှ အရာထမ်း/အမှုထမ်း ၂၈ ဦး တက်ရောက်ပြီး သင်တန်းကာလမှာ ဇွန် ၁၄ ရက်မှ ၁၅ ရက်အထိ နှစ်ရက်တာ ဖွင့်လှစ်သင်ကြားမည်ဖြစ်ကြောင်း သိရသည်။         

 သတင်းစဉ်