နေပြည်တော် ဇွန် ၁၄
နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမှတ်စဉ်(၁) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဥပဒေရေးရာဝန်ကြီးဌာန မြေညီထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦးက နိုင်ငံ့ဝန်ထမ်းအကြီးအမှူးများသည် ဥပဒေပညာ အခြေခံဗဟုသုတများရှိရန် လိုအပ်သဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ဤသင်တန်းကိုဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း၊ ဥပဒေရေးရာဝန်ကြီးဌာနသည် တရားမျှတမှုအတွက် ဥပဒေဝန်ဆောင်မှုမဟာ ဗျူဟာစီမံကိန်းနှင့်အညီ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုအနေဖြင့် ဝန်ကြီးဌာနအသီးသီးမှ အရာရှိများကိုလည်း ဥပဒေအသိပညာပြန့်ပွားရေးသင်တန်း အမျိုးမျိုးပို့ချပေးခြင်း၊ ဥပဒေစာအုပ်များ ထုတ်ဝေခြင်းများအပြင် ဥပဒေသုတေသနလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဥပဒေစာတမ်းဖတ်ပွဲများ ကျင်းပခြင်းများ ဆောင်ရွက်နေသကဲ့သို့ ဥပဒေအသိပညာပြန့်ပွားရေးအတွက် မြန်မာ့ဥပဒေသတင်းအချက် အလက်စနစ် (MLIS) ကိုလည်း တည်ထောင်ထားပြီးဖြစ်ပါကြောင်း။
ယခုသင်တန်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာများ၊ ဥပဒေရေးဆွဲခြင်း၊ စီးပွားရေး စာချုပ်စာတမ်းများ စိစစ်ခြင်းနှင့် အပြည်ပြည်ဆိုင်ရာနှင့် အာဆီယံဥပဒေဆိုင်ရာများ၊ ပြစ်မှုဆိုင်ရာဥပဒေ၊ တရားမဥပဒေနှင့် အထူးနှင့် အထွေထွေဥပဒေများနှင့်စပ်လျဉ်း၍ ဥပဒေအသိပညာများစွာရရှိစေရန် ကြိုးပမ်းစီစဉ်ဆောင်ရွက်ထားပါကြောင်း၊ သင်တန်းတွင် အတွေ့အကြုံများစွာရှိသည့် ဆရာကြီးများ၊ တိုင်းဒေသကြီး/ပြည်နယ် ဥပဒေချုပ်များက ဆွေးနွေး ပို့ချပေးမည်ဖြစ်ပါကြောင်း၊ သင်တန်းကို ရုံးချိန်ပြင်ပတွင် နံနက် ၇ နာရီခွဲမှ ၉ နာရီခွဲအထိ သင်ကြားပို့ချမည်ဖြစ်ပြီး ရက်သတ္တပတ်ရှစ်ပတ်ကြာ ပို့ချမည်ဖြစ်ကြောင်း၊ သင်တန်းတက်ရောက်ပြီးမြောက်ကြောင်း အသိအမှတ်ပြုလက်မှတ် (certificate) ပေးအပ်မည်ဖြစ်ကြောင်း၊ ဥပဒေပညာသင်တန်းကျောင်း ဆောက်လုပ်ပြီးစီးပါက ဥပဒေအသိပညာပြန့်ပွားရေး လုပ်ငန်းများ ယခုထက်အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် ပို့ချမည့် ဥပဒေဗဟုသုတများကို သေချာစွာ လေ့လာသင်ယူပြီး နိုင်ငံတော်အတွက်၊ ဌာနအတွက်နှင့် လူမှုပတ်ဝန်းကျင်အတွက်ပါ ထိရောက်စွာအသုံးချနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ၊ သင်တန်းသားသင်တန်းသူများအဖြစ် ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ စုစုပေါင်း ၂၆ ဦး တက်ရောက်ကြောင်း သိရသည်။
သတင်းစဉ်