Skip to main content

ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့ ပဉ္စမအကြိမ်အစည်းအဝေး ကျင်းပ

နေပြည်တော် ဇွန် ၁၄

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ရောက်ရှိနေသည့် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ပဉ္စမအကြိမ်အစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

အစည်းအဝေးကို နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး နိုင်ငံခြားရေးဝန်ကြီးဌာနအမြဲတမ်း အတွင်းဝန် ဦးချမ်းအေးနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေးအတွင်းဝန် မစ္စတာမာစွတ် ဘင် မိုမမ် (Mr. Masud Bin Momen) တို့က ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်သည်။

အစည်းအဝေးတွင် နေရပ်စွန့်ခွာသူများကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စိစစ်ဆောင်ရွက်နေမှုနှင့် ကြုံတွေ့ရသည့် အခက်အခဲများ ဖြေရှင်းနိုင်ရေး၊ စိစစ်ပြီး နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံရေးလုပ်ငန်းစတင်နိုင်ရန်အတွက် အစီအမံများပြင်ဆင် ဆောင်ရွက်နေမှုလုပ်ငန်းများ၊ ပြန်လည်ဝင်ရောက်လာသူများကို ပြန်လည်နေရာချထားရေး အစီအမံများ၊ ပြန်လည်ဝင်ရောက်လာမည့်သူများ မိမိဆန္ဒအလျောက် နေရပ်ပြန်စေရေးအတွက် ယုံကြည်မှုတည်ဆောက်ရေးလုပ်ငန်းများ စသည့်ကိစ္စရပ်တို့ကို နှစ်ဖက်ပွင့်လင်းစွာအမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ထို့ပြင် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည် လက်ခံရာတွင်နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးထားသည့် သဘောတူညီချက်များနှင့် သာမက ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လက်ခံနိုင်ရေး၊ နေရပ်စွန့်ခွာသူများကို ပြန်လည်စိစစ်ရာတွင် ဖြစ်ပေါ်လာနိုင်သည့်ကိစ္စရပ်များကို အဖြေရှာနိုင်ရန်အတွက် ဖွဲ့စည်းထားပြီးဖြစ်သည့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးအတွက် စိစစ်ရေးလုပ်ငန်းစဉ်ဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် အထူးအဖွဲ့အကြား ဆက်လက်ညှိနှိုင်း ဆောင်ရွက်သွားရေးတို့ကို ဆွေးနွေးသည်။

မြန်မာကိုယ်စားလှယ်အဖွဲ့က ရခိုင်ပြည်နယ်၌ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးတို့အတွက် ဆောင်ရွက်ထားရှိမှု၊ ပြန်လည်လက်ခံရေးစခန်းများ၊ ကြားစခန်းနှင့် နေရာချထားပေးမည့် ကျေးရွာများရှိ နေအိမ်များကိုပြန်လည် မွမ်းမံပြင်ဆင်နေမှု၊ ပြန်လည် ဝင်ရောက်လာမည့်သူများအတွက် အသက်မွေးဝမ်းကျောင်း၊ ကျန်းမာရေးနှင့် ပညာရေး ဝန်ဆောင်မှုပေးအပ်နိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ကောင်းမွန်သည့် ပတ်ဝန်းကျင်ဖန်တီးပေးရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းစဉ်တွင် မိတ်ဖက်နိုင်ငံများ၊ အာဆီယံနှင့် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးသည်။

မြန်မာနိုင်ငံနှင့်ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများကို ပြန်လည်လက်ခံရေးဆိုင်ရာ မြန်မာ-ဘင်္ဂလားဒေ့ရှ် ပူးတွဲလုပ်ငန်းအဖွဲ့၏ ဆဋ္ဌမအကြိမ် အစည်းအဝေးကျင်းပမည့် နေ့ရက်နှင့်နေရာတို့ကို သံတမန်လမ်းကြောင်းမှတစ်ဆင့် နှစ်ဖက်ညှိနှိုင်း အကြောင်းကြားသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်