၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ်ဖြစ်သည်။ ငြိမ်းချမ်းရေးနှစ်တွင် ထာဝရငြိမ်းချမ်းရေး အလှမ်းနီးရန်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ တစ်ခုပြီးတစ်ခု ပြုလုပ်လျက်ရှိသည်။ တရားတော်တွင် “သမဂ္ဂါနံ တပေါ သုခေါ” ဟူသည့် ညီညွတ်သောသူတို့၏ အကျိုးဆောင်မှုများသည် ကောင်းကျိုးရလဒ်များကို ဆောင်ကြဉ်းပေးနိုင်လိမ့်မည်ဟု ဆိုထားသည်။
ယခုအခါ ငြိမ်းချမ်းရေးအတွက် ညီညီညွတ်ညွတ်ဖြင့် ကောင်းကျိုးဆောင်ကြဉ်းနေကြသည်။ တစ်ဦးအလိုဆန္ဒကို တစ်ဦးဖြည့်ဆည်းပေးပြီး အများအကျိုးအတွက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်းဖြင့် ကောင်းကျိုးရလဒ်များ ရရှိလာလိမ့်မည်ဟု ယုံကြည်ပါသည်။ ညီညွတ်ခြင်းသည် အောင်မြင်ခြင်းဖြစ်သည်။ မညီညွတ်၍ အကွဲကွဲအပြဲပြဲ ဖြစ်ခဲ့ကြသည်များကိုလည်း သင်ခန်းစာရရှိကြပြီးဖြစ်သည်။ ညီညွတ်ခြင်းသည် အားလုံးစိတ်နှလုံး ဝမ်းမြောက်ချမ်းသာခြင်းသာဖြစ်စေသည်။ မြန်မာနိုင်ငံသည် မတူကွဲပြားသော တိုင်းရင်းသားလူမျိုးများ ပေါင်းစုနေထိုင်ကြ၍ ညီညွတ်စေရန် ပြည်ထောင်စုစိတ်ဓာတ် မွေးမြူရမည်ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က တိုင်းပြည်အကျိုးအတွက်၊ တိုင်းရင်းသားပြည်သူများ အကျိုးအတွက် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံပြီး ငြိမ်းချမ်းသည့်ပြည်ထောင်စုကို တည်ဆောက်နိုင်ရေး အားလုံးပါဝင် ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားထားသည်။ ယခုအခါ နိုင်ငံတော်အကြီးအကဲကိုယ်တိုင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များနှင့် ရင်းရင်းနှီးနှီးပွင့်ပွင့်လင်းလင်း တိုက်ရိုက်ထိတွေ့၍ တိုင်းပြည်နှင့်လူမျိုးအကျိုးအတွက် ဆွေးနွေးညှိနှိုင်း အဖြေရှာနေကြပြီဖြစ်သည်။ ဤအရေးသည် တစ်တိုင်းပြည်လုံးအရေးဖြစ်၍ အားလုံးလက်တွဲပါဝင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
ငြိမ်းချမ်းရေးကို အဖြေရှာဆွေးနွေးရာတွင် မိမိတို့လိုလားချက်များကိုသာ ရှေးရှု၍ ဆွေးနွေးအဖြေရှာပါက ငြိမ်းချမ်းရေးပန်းတိုင်နှင့် အလှမ်းမနီးဘဲ ဝေးခဲ့ရသည်ကို မြန်မာ့သမိုင်းတစ်လျှောက် ငြိမ်းချမ်းရေးဖြစ်စဉ်များက သက်သေပြခဲ့ပြီးဖြစ်သည်။ ယခုပြုလုပ်လျက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် တိုင်းပြည်၏ ပကတိအနေအထား လိုအပ်ချက်များနှင့်ကိုက်ညီပြီး ဖြစ်သင့်ဖြစ်ထိုက်သည်များ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တောင်းဆိုချက်များနှင့် အမှန်တကယ် ဖြစ်နိုင်ဖွယ်ရှိသည်များကို အသေးစိတ် အကျေအလည် ဆွေးနွေးညှိနှိုင်းအဖြေရှာ နေကြပြီဖြစ်သည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြည်သူအားလုံးဆန္ဒဖြစ်သည့် ပါတီစုံ ဒီမိုကရေစီစနစ်ကို ကျင့်သုံးဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့် ပြည်ထောင်စုစနစ် တည်ဆောက်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဒီမိုကရေစီနှင့်ဖက်ဒရယ်ကို အခြေခံသည့်ပြည်ထောင်စု တည်ဆောက်ရာတွင် တိုင်းရင်းသားများ မကျန်ရစ်စေဘဲ အားလုံးပါဝင်ကြရန် လိုအပ်သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို လျှောက်လှမ်းရာတွင် နိုင်ငံရေးအရ သဘောကွဲလွဲမှုများရှိမည်ဖြစ်သော်လည်း ငြိမ်းချမ်းသည့်နည်းလမ်းဖြင့်သာ ညှိနှိုင်းဖြေရှင်း အဖြေရှာဆောင်ရွက်ရမည်ဖြစ်သည်။ ယခုပြုလုပ်လျက်ရှိသော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် NCA လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်မရေးထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များပါ ပါဝင်ဆွေးနွေးနေကြပြီဖြစ်သည်။
ကျန်ရှိသော NCA တွင် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အနေဖြင့် တိုင်းပြည်အကျိုး၊ တိုင်းရင်းသားပြည်သူများအားလုံး၏ အကျိုး၊ မိမိတို့ဒေသအကျိုးများကို စေ့ငုသေချာရှုမြင်ပြီး ငြိမ်းချမ်းရေးတွင် ပါဝင်လိုသည့် စိတ်ဆန္ဒများရှိပါက ပါဝင်လာနိုင်ရေးအတွက် နိုင်ငံတော်က ငြိမ်းချမ်းရေးတံခါးကို ယခင်အတိုင်း ဖွင့်လှစ်ပေးထားသည်။ ယခုအခါ ပြည်ထောင်စုအကျိုး၊ မိမိဒေသအကျိုးကို ပါဝင်လက်တွဲဆောင်ရွက်လိုသည့် တိုင်းရင်းသားအဖွဲ့များသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် လာရောက်ဆွေးနွေးညှိနှိုင်း အဖြေရှာနေကြပြီဖြစ်ရာ ငြိမ်းချမ်းရေးခရီးတွင် အားလုံးပါဝင်ကြပါရန် တိုက်တွန်းအပ်ပါသည်။
သို့ဖြစ်ရာ ငြိမ်းချမ်းရေးတွင် ပါဝင်ဆွေးနွေး အဖြေရှာခြင်းသည် မင်္ဂလာတရားတော်နှင့်ညီသည့် ကောင်းသောအကျိုးဆောင်ကြဉ်းစေခြင်းဖြစ်ရာ ပြည်ထောင်စုကြီးအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားပြည်သူများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အားလုံးအနေဖြင့် ပြည်ထောင်စုအကျိုး၊ မိမိတို့ဒေသ အကျိုးကိုရှေးရှု၍ တိုင်းပြည်အကျိုးအတွက် ပြည်ထောင်စုစိတ်ဓာတ်ကို အခြေခံပြီး ငြိမ်းချမ်းသာယာဝပြောသည့် ပြည်ထောင်စု တည်ဆောက်ရေးတွင် အားလုံး ပါဝင်လက်တွဲဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။ ။