တိုင်းပြည်အကျိုး၊ ဒေသအကျိုးအတွက် ငြိမ်းချမ်းရေးဆွေးနွေးမှုများပြုလုပ်နိုင်ရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထပ်မံဖိတ်ခေါ်လိုက်သည်။ ပထမအကြိမ်အဖြစ် ဧပြီလ ၂၂ရက်နေ့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ စုစုပေါင်း ၁၀ဖွဲ့တို့က လာရောက်ဆွေးနွေးမည်ဖြစ်ကြောင်း အကြောင်းပြန်ခဲ့ကြပြီး မေလ ၂၀ရက်မှစကာ RCSS/SSA ၊ NMSP ၊ (KNU/KNLA- PC) ၊ UWSP၊ NDAA ၊ ALP စသည်ဖြင့် တစ်ဖွဲ့ပြီးတစ်ဖွဲ့ ဆွေးနွေးခဲ့ကြရာ အပြုသဘောဆောင်ပြီး ကောင်းမွန်သည့်ရလဒ်များ ရရှိခဲ့သည်။ ကျန်လက်နက်ကိုင်အဖွဲ့လေးဖွဲ့နှင့်လည်း ဆက်လက်၍ ဆွေးနွေးသွားမှာဖြစ်သည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက် ပေါ်ပေါက်လာခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများနှင့်စပ်လျဉ်း၍ ငြိမ်းချမ်းရေးရရှိရန် အစိုးရအဆက်ဆက်တို့က ကြိုးပမ်းခဲ့ကြသော်လည်း တောမီးသဖွယ် ပျံ့နှံ့နေသည့် လက်နက်ကိုင်ပဋိပက္ခများက တစ်နေရာမဟုတ်တစ်နေရာမှာရှိနေခဲ့သည်။ လွတ်လပ်ရေးသက်တမ်း စိန်ရတုအကြိုကာလသို့ ရောက်လာသည့်တိုင်အောင် မီးတို့က မငြိမ်းနိုင်သေး။ သို့ရာတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန် လက်ထက်၂၀၁၁ခုနှစ်၊ ဩဂုတ်လ ၁၈ ရက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုမှ စတင်ကာတစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လမ်းကြောင်းပေါ်တွင် တွေ့ဆုံဆွေးနွေး ညှိနှိုင်းမှုဖြင့် စစ်ပွဲများကို ရှောင်လွှဲ၍ နိုင်ငံရေးအဖြေရှာနိုင်သည့် အခြေအနေ ဖြစ်ပေါ်နေပြီဖြစ်သည်။ စင်စစ်အားဖြင့် ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက်တွင် နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့ အပါအဝင် အစိုးရကိုယ်စားလှယ်များနှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့တို့မှ ခေါင်းဆောင် ရှစ်ဦးတို့ ကုလသမဂ္ဂ၊ အီးယူ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်တို့ပါဝင်သည့် နိုင်ငံတကာအသိသက်သေများ ရှေ့မှောက်တွင် လက်မှတ်ရေးထိုးခဲ့ကြသည့် NCA စာချုပ်သည် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သက်သက်မျှသာမကဘဲ ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးမှုများမှ ထွက်ပေါ်လာသည့် ရလဒ်များနှင့်အညီ တည်ဆောက်သွားနိုင်ရေးအထိ ကျယ်ပြန့်သည့်အချက် အလက်များ ပါဝင်သည်။
ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် အဓိကအကျဆုံးအချက်မှာ ငြိမ်းချမ်းရေးကို အမှန်တကယ် ရယူတည်ဆောက်လိုသည့် စိတ်ဆန္ဒနှင့် သန္နိဋ္ဌာန်ပင်ဖြစ်သည်။ ငြိမ်းချမ်းလိုသော ထက်သန်သည့် စိတ်ဆန္ဒ၏နောက်တွင် ပြုမူပြောဆိုမှုတို့ကလည်း ငြိမ်းချမ်းရေးဆီသို့ ဦးတည်စေသည်။ ခိုင်မာသောသန္နိဋ္ဌာန်ကလည်း ငြိမ်းချမ်းရေးကိုမရအရယူမည့်ဇွဲလုံ့လကို မွေးဖွားပေးသည်။ ငြိမ်းချမ်းရေးဆွေးနွေးမှုများတွင် နောက်ထပ်အရေးပါသည့်အချက်မှာ ရိုးသားမှုနှင့် စေတနာမှန်ကန်မှုတို့ပင်ဖြစ်သည်။ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ငြိမ်းချမ်းရေးဖိတ်ခေါ်ကမ်းလှမ်းမှုများတွင် ဆိုခဲ့ပါအချက်များ ပါရှိပြီးဖြစ်ရာ ကျန်ရှိနေသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များလည်း တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ရောက်ရှိလာရန် မျှော်လင့်မိသည်။
ယခု ၂၀၂၂ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ် သတ်မှတ်၍ နိုင်ငံတစ်ဝန်းလုံးတွင်ရှိသည့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက လိုလားတောင့်တနေကြသည့် ထာဝရငြိမ်းချမ်းရေးရရှိရန် ဦးတည်ဆောင်ရွက်နေခြင်းဖြစ်သည်။ လက်နက်ကိုင်ပဋိပက္ခများကြောင့် ၇၅ နှစ်တာမျှကြာအောင် လွတ်လပ်ရေး၏ အနှစ်သာရများကို အပြည့်အဝ မခံစားရသေးသည့် တိုင်းရင်းသားပြည်သူများ တည်ငြိမ်အေးချမ်းမှု၊ ဖွံ့ဖြိုးမှုတို့ ခံစားရရှိနိုင်ရန်မှာ ဒေသများငြိမ်းချမ်းရန်လိုသည်။ ဒေသအားလုံး ငြိမ်းချမ်းပြီဆိုလျှင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို တစိုက်မတ်မတ် အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ရာ ပြည်ထောင်စုကြီး၏ အကျိုး၊ ဒေသများ၏ အကျိုး၊ ပြည်သူတစ်ရပ်လုံး၏ အကျိုးအတွက် ငြိမ်းချမ်းရေးကမ်းလက်များ ခိုင်ခိုင်မြဲမြဲ ဆုပ်ကိုင်နိုင်ပါစေကြောင်း။။