နေပြည်တော် ဇွန် ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ဖုန်းမြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ရေ၊လေ)မှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့တွင် ကျောက်ဖြူတပ်နယ်၊ အမ်းတပ်နယ်နှင့် ဓညဝတီရေတပ်စခန်းဌာနချုပ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ခန်းမများနှင့် ရိပ်သာတို့တွင်သီးခြားစီ တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏အနောက်ဘက်ကမ်းရိုးတန်းနှင့် ရေပြင်ပိုင်နက်ကို လုံခြုံအောင်ကာကွယ်စောင့်ရှောက်ရန် တာဝန်ထမ်းဆောင်နေသူများဖြစ်၍ တာဝန်ကြီးလေးမှုအပေါ် အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ဖြစ်ပေါ်ပြောင်းလဲနေသော ကမ္ဘာအရေးအရာနှင့် နည်းပညာများအပေါ် မျက်ခြေမပြတ်လေ့လာရန်နှင့် မိမိတို့နယ်မြေအပေါ် ခြိမ်းခြောက်နေသည့် အန္တရာယ်များအား သတိရှိစွာဖြင့် စောင့်ကြည့်နေရန်လိုကြောင်း၊ တပ်မတော်သည် အတွေ့အကြုံအရ တိုက်ပွဲနှင့်လက်နက်ကိုင်ပဋိပက္ခများကို မလိုလားသော်လည်း အရေးကြီးသော နိုင်ငံတော်ကာကွယ်ရေးတာဝန်အတွက် အသက်နှင့်ခန္ဓာကို စွန့်လွှတ်တာဝန်ထမ်းဆောင်နေခြင်းဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်တွင် တိုင်းရင်းသားပြည်သူများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခ၏ ဆိုးကျိုးကို ခံစားခဲ့ရပြီးဖြစ်၍ လက်ရှိတည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းနိုင်ရေး ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်း၊
အရေးပေါ်ကာလအတွင်း ပြည်တွင်းအကြမ်းဖက်အဖွဲ့အစည်းများ၏ နှောက်ယှက်မှု၊ ပြည်ပနိုင်ငံကြီးအချို့၏ နိုင်ငံရေးအရ ဖိအားပေးမှုများကို သစ္စာရှိဝန်ထမ်းများ၊ ပြည်သူများဖြင့် လက်တွဲကာ ကြံ့ကြံ့ခံ၍ ဖြတ်သန်းခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါနှင့် ဆက်စပ်ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးအခက်အခဲ၊ ဘဏ်လုပ်ငန်းအခက်အခဲနှင့် စက်သုံးဆီအပါအဝင် အကြပ်အတည်းအမျိုးမျိုးကို ရင်ဆိုင်ဖြတ်သန်းခဲ့ပြီး ဆက်လက်၍လည်း ပြည်သူ၏ပေါင်းစည်းအားဖြင့် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ် (၅)ရပ်ကို အောင်မြင်အောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း။
ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ နိုင်ငံတော်အကြီးအကဲအနေဖြင့် ဖိတ်ကြားမှုအပေါ် တက်ရောက်လာသော တိုင်းရင်းသားလက်နက်ကိုင်များနှင့် ကိုယ်တိုင်တွေ့ဆုံကာ ပြည်သူ့တစ်ရပ်လုံးက လိုလားတောင့်တခဲ့သည့် ပါတီစုံဒီမိုကရေစီစနစ်၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကိုအခြေခံသည့် ပြည်ထောင်စုစနစ်တည်ဆောက်ရေးစသည့် အခြေခံ(၂)ချက်ဖြင့် ဦးတည်ဆွေးနွေးခဲ့ကြောင်း၊ ဖက်ဒရယ်ဆိုင်ရာအာဏာ ခွဲဝေကျင်သုံးမှုနှင့်ပတ်သက်၍ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဥပဒေပုဒ်မများအနက်မှ ပြင်ဆင်သင့် ပြင်ဆင်ထိုက်သော အချက်များ၊ ဇယား(၁/၂/၃/၅)ပါ အချက်များကိုလည်း ဆက်လက်ဆွေးနွေးသွားရန်ရှိကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကောင်းမွန်တိုးတက်ရန်မှာ တည်ငြိမ်မှုရှိရန် အရေးကြီးပြီး တည်ငြိမ်မှုရှိစေရန်မှာ ငြိမ်းချမ်းရေးသည် မရှိမဖြစ်လိုအပ်ကြောင်း၊ သို့ဖြစ်၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ထာဝရငြိမ်းချမ်းရေးအတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံးကို ဖိတ်ခေါ်ထားပြီး ငြိမ်းချမ်းရေးတံခါးကို ဖွင့်လှစ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆက်လက်၍လည်း ဖိတ်ခေါ်ထားပါကြောင်း။
ပြည်တွင်းပြည်ပ အကြမ်းဖက်သောင်းကျန်းသူ အဖျက်သမားများအနေဖြင့် နိုင်ငံတော်ကို ဖျက်ဆီးရန်ကြိုးပမ်းမှု မအောင်မြင်၍ ဖွဲ့စည်းပုံအရ ခိုင်မာတောင့်တင်းသောတပ်မတော်ကို ဖြိုခွဲရန်ကြိုးစားလာကြောင်း၊ မီဒီယာမျိုးစုံမှ ဝါဒဖြန့်၍ အထက်အောက် ဆက်ဆံရေးပြိုကွဲစေပြီး တပ်တွင်းစည်းလုံးညီညွှတ်ရေး ပြိုကွဲရန်သွေးခွဲမှုများ ပြုလုပ်လာသည်ကို သတိပြုရန်လိုကြောင်း၊ လုပ်ငန်းတာဝန်နှင့် ကွပ်ကဲမှုစနစ်အရ ရာထူးအဆင့်များ ခန့်အပ်တာဝန်ပေးထားကာ တူညီသောယူနီဖောင်းဝတ်ထားပြီး တူညီသောလုပ်ငန်းတာဝန်များကို ထမ်းဆောင်နေကြရသူများဖြစ်၍ ရဲဘော်ရဲဘက်စိတ်ဖြင့် ချစ်ကြည်ရင်နှီးစွာ နေထိုင်လုပ်ကိုင်ကြရန်လိုကြောင်း၊ အထက်အောက် ထိတွေ့ဆက်ဆံမှုတွင် တာဝန်ရှိသူများအနေဖြင့် အလွတ်သဘော ထိတွေ့ဆက်ဆံမှုများရှိသကဲ့သို့ တစ်ဦးချင်းအလိုက် အလွတ်သဘောရင်နှီးစွာ တွေ့ဆုံ၍ အခက်အခဲအပေါ် ပွင့်လင်းစွာ တင်ပြခွင့်ရရှိစေပြီး တင်ပြချက်အပေါ် အရေးတယူ ဖြေရှင်းပေးခြင်းများ ပြုလုပ်ရန်လိုကြောင်း၊ တာဝန်ရှိသူအဆင့်ဆင့်အနေဖြင့် Fatherly Spirit နှင့် Commander Spirit ကို အချိန်နေရာနှင့် လုပ်ငန်းတာဝန်အလိုက် ပိုင်းခြား၍ မှန်မှန်ကန်ကန် ဆက်ဆံအုပ်ချုပ်သွားရန်လိုကြောင်းဖြင့် မှာကြားပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် တပ်နယ်များအလိုက် အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာ ပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။
တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့သည်။
ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဓညဝတီရေတပ်စခန်းချုပ်ရှိ Aquaponic System ဖြင့် ငါးများ မွေးမြူထားရှိမှုများ၊ ဥစားကြက်၊ အသားတိုးကြက်၊ DYL ဝက်မွေးမြူထားရှိမှု၊ ရာသီသီးနှံများ စိုက်ပျိုးမွေးမြူထားရှိမှုများအား လိုက်လံကြည့်ရှုစစ်ဆေးသည်။
၎င်းအပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် အမ်းတပ်နယ်ရှိ နယ်မြေခံတပ်ရင်းအိမ်ထောင်သည်လိုင်းခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ရဲမေများအား ရင်းရင်းနှီးနှီးလိုက်လံ နှုတ်ဆက်ကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။