နေပြည်တော် ဇွန် ၁၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးဖုန်းမြတ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာချုပ်တိုင်းမှူးတို့ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်ကြည့်ရှုပြီး ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်။ မိသားစုများအား ကြည့်ရှုအားပေးစကား ပြောကြားသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များအား ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ မိသားစုများအား လိုက်လံကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု အခြေအနေများအား မေးမြန်းအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့်ငွေများကို ပေးအပ်ရာ ဆေးရုံအုပ်ကြီးက လက်ခံရယူသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီးနှင့် စကြာမုနိသွန်းစက်တော်ဘုရားသို့ သွားရောက်၍ ပန်း၊ ရေချမ်း၊ ဆီမီးထွန်းညှိပူဇော်ပြီး လှည့်လည်ဖူးမြော်ကာ အလှူငွေများ ပေးအပ်လှူဒါန်းကြသည်။ ထို့နောက် စစ်တွေမြို့ ကမ်းနားလမ်းတစ်လျောက်နှင့် မြို့အတွင်း မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။