Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကျောက်ဖြူမြို့ရှိ သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းသို့ သွားရောက်လေ့လာကြည့်ရှု

နေပြည်တော် ဇွန် ၁၄

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် ဒေါ်အေးနုစိန်၊ ဦးရွှေကြိမ်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ဒုတိယဝန်ကြီးများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် တည်ဆောက်ဆဲ ကျောက်ဖြူမြို့ရှိ သဘာဝဓာတ်ငွေ့နှင့် စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းသို့ သွားရောက်လေ့လာ ကြည့်ရှုကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့အား စက်ရုံစီမံကိန်း အစည်းအဝေးခန်းမ၌ စီမံကိန်းတာဝန်ခံ ဦးအောင်ကိုလတ်နှင့် ဒုတိယမန်နေဂျာ ဦးမင်းသွင်ခန့်တို့က စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများအား ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က သိရှိလိုသည်များမေးမြန်းပြီး စက်ရုံလုပ်ငန်း စတင်လည်ပတ်ပါက ၁၃၅ MW ဓာတ်အားထွက်ရှိမည်ဖြစ်ပြီး ၁ ယူနစ်လျင် ၈.၅၉ ဆင့်နှုန်းဖြင့်ဖြန့်ချိနိုင်မည်ဖြစ်၍ ဒေသအတွက် များစွာအကျိုးရှိနိုင်မည် အခြေအနေများ၊ စက်ရုံစီမံကိန်း အကောင်အထည်ဖော်မှုနှင့် စက်ရုံလည်ပတ်ချိန်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး ဆောင်ရွက်ရန်အခြေအနေများ၊ စက်ရုံပတ်ဝန်းကျင် ဒေသခံပြည်သူများအတွက် ကျန်းမာရေး၊ ပညာရေးနှင့်ပတ်သက်သော Corporate Social Responsibility (CSR) လုပ်ငန်းများ ဆောင်ရွက်နိုင်မှုအခြေအနေများ၊ စီမံကိန်းဆောင်ရွက်မှုကို သတ်မှတ်စံချိန်စံနှုန်းများ ပြည့်မီစွာဖြင့်ရည်မှန်းကာလ ပြီးစီးရေးဆောင်ရွက်ရန် အခြေအနေများ၊ စီမံကိန်း အကောင်အထည်ဖော်မှု သတ်မှတ်ကာလအတွင်း ရုပ်ပိုင်းဆိုင်ရာများနှင့်ပတ်သက်၍ လေ့လာလိုသည့် ပညာရှင်များရှိပါက လာရောက်လေ့လာနိုင်မည့် အခြေအနေများကို ပြန်လည်ဆွေးနွေးပြောကြားသည်။

ထို့နောက် သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်း တည်ဆောက်နေမှုများအား လိုက်လံကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

အဆိုပါ သဘာဝဓာတ်ငွေ့နှင့်စွန့်ပစ်အပူသုံး လျှပ်စစ်ဓာတ်အားပေးစီမံကိန်းစက်ရုံတွင် ဂျာမနီနိုင်ငံမှထုတ်လုပ်သော မြန်မာနိုင်ငံတွင် ပထမဦးဆုံးအသုံးပြုမည့် စွမ်းအားအမြင့်ဆုံးနှင့် သဘာဝဓာတ်ငွေ့သုံးစွဲမှု အသက်သာဆုံး SGT-800 Gas Turbine အနည်းငယ်ဖြင့် လည်ပတ်နိုင်ရေးဆောင်ရွက်လျက်ရှိပြီး စက်ရုံလည်ပတ်စဉ် ကာလ ၂၅ နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေးလုပ်ငန်း(EPGE)မှ အင်ဂျင်နီယာများအား စက်ရုံတွင် ခေါ်ယူတာဝန်ပေး၍ စက်ရုံလည်ပတ်မှု ပြုပြင်ထိန်းသိမ်းမှုဆိုင်ရာ နည်းပညာများအား လွှဲပြောင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့များသည် ကျောက်ဖြူမြို့ ပြည်သူ့ဆေးရုံသို့သွားရောက်၍ ဆေးရုံအစည်းဝေးခန်းမတွင် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအား တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့များသည် ကျောက်ဖြူပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ ကျောင်းအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးပြီး တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။