ရန်ကုန် ဇွန် ၁၃
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီ အခြေခံစာကြည့်တိုက်ပညာသင်တန်းအမှတ်စဉ်(၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်) သင်တန်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ပျိုးခင်းနှင့်တူသည့်စာကြည့်တိုက်များ၊ ပျိုးထောင်သူနှင့်တူသည့် စာကြည့်တိုက်မှူးများ ပေါ်ထွန်းလာအောင် စာကြည့်တိုက်ပညာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ စာကြည့်တိုက်လုပ်ငန်းများတွင် အထောက်အကူဖြစ်စေမည့် စာအုပ်စာစောင်များ၊ ပရိဘောဂများနှင့် အဆောက်အအုံများကို ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း။
ဝယ်ယူဖြည့်ဆည်းပေးခဲ့
ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များကြီးကြပ်ရေးကော်မတီအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက် ၄၈၁ တိုက်အနက် စာကြည့်တိုက် ၁၂၀ ကို ငွေကျပ် ၅၅ သန်းတန်ဖိုးရှိ စာအုပ်စာစောင်များ ဝယ်ယူဖြည့်ဆည်းပေးခဲ့ကြောင်း၊ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်မှူးများအနေဖြင့် စာကြည့်တိုက်မှူး အရည်အချင်းပြည့်မီအောင်၊ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်း ဒေသကြီးဥပဒေချုပ် ဦးဌေးအောင်က အခြေခံစာကြည့်တိုက်ပညာသင်တန်း ဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအေးကြွယ်က စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေးလုပ်ငန်းစဉ် များနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးထံ ရန်ကုန်တိုင်းစစ်ဌာနချုပ်ရှိ စာကြည့်တိုက် ၃၀ သို့ မြန်မာ့စွယ်စုံကျမ်း အတွဲ(၁) (က-ကုတ်) စာအုပ် ၃၀ ကို ပေးအပ်လှူဒါန်းသည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စည်ပင်သာယာရေးဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် တိုင်းဒေသကြီး ဥပဒေချုပ်တို့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်လေးခရိုင်မှ စာကြည့်တိုက်မှူးများထံ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက် ၁၂၀ အတွက် မြန်မာ့စွယ်စုံကျမ်း အတွဲ(၁) (က-ကုတ်) စာအုပ် ၁၂၀ ပေးအပ်လှူဒါန်းကြသည်။
ယင်းနောက် အခြေခံစာကြည့်တိုက်ပညာ သင်တန်းအမှတ်စဉ်(၁)အတွက် အလှူငွေများကို ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီးက ငွေကျပ် ၁၀ သိန်း၊ ဂါမဏိကားအရောင်း ပြခန်းပိုင်ရှင်ကိုယ်စား တာဝန်ရှိသူတစ်ဦးက ငွေကျပ် ငါးသိန်းနှင့် Prosper ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာက ငွေကျပ် ငါးသိန်းတို့ကို တိုင်းဒေသကြီးဝန်ကြီးချုပ်ထံ ပေးအပ်လှူဒါန်းကြသည်။
ထောက်ပံ့ပေးအပ်
ထို့နောက် တိုင်းဒေသကြီးတိုင်းရင်းသားလူမျိုး ရေးရာဝန်ကြီးက ရပ်ကွက်/ကျေးရွာစာကြည့်တိုက် မှူးများထံ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များအတွက် စာကြည့်တိုက်လုပ်ငန်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခင်းကျင်းပြသထားသည့် စာအုပ်များနှင့် နံရံကပ်ပိုစတာများကို လှည့်လည်ကြည့်ရှုကြသည်။
အဆိုပါသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာစာကြည့်တိုက်မှူး ၅၀ တက်ရောက်ကြပြီး သင်တန်းကာလမှာ ယနေ့မှ ဇွန် ၁၅ ရက်အထိဖြစ်ကြောင်း သိရသည်။
သတင်းစဉ်