Skip to main content

အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ဆရာတော်ကြီးများအား ဂုဏ်ပြုပူဇော်ပွဲပြုလုပ်

နေပြည်တော် ဇွန် ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အမိန့်ကြော်ငြာစာအမှတ်၊ ၁ / ၂၀၂၂ ဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်တွင် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော် ဆက်ကပ်ခြင်းခံရသော မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ စလင်းတိုက်သစ် ဘာဝနာဌာနမှ အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရရှိတော်မူသည့် ပဓာနမဟာနာယက၊ နိုင်ငံတော်ဗဟိုသံဃဂုဏ်ဆောင် ဗြဟ္မစိုရ်ဆရာတော် ဘဒ္ဒန္တတိက္ခနှင့် အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရရှိတော်မူသည့် တိုက်အုပ်ဆရာတော် ဘဒ္ဒန္တနေမိန္ဒတို့အား ဂုဏ်ပြုပူဇော်ခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် စလင်းတိုက်သစ်ဘာဝနာဌာနရှိ မဟာအောင်မြေဓမ္မဗိမာန်၌ပြုလုပ်ရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဗန်းမော်ဆရာတော် ဒေါက်တာဘဒ္ဒန္တကုမာရဘိဝံသ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက ဗန်းမော်ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တိုင်းမှူးတို့က ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များ ထပ်ဆင့်ဆက်ကပ်လှူဒါန်းကြပြီး ဗန်းမော်ဆရာတော်ကြီး အမှူးပြုသောသံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် ရန်ကုန်မြို့၊ ဓမ္မာစရိယတက္ကသိုလ် နာယကချုပ် ဆရာတော် ဘဒ္ဒန္တ သုစိတ္တာဘိဝံသက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရရှိတော်မူသော ပဓာနနာယက၊ ဗြဟ္မစိုရ်ဆရာတော်ကြီးအား ကိုယ်တိုင်ဂုဏ်ပြု ရေးသားသော ဂုဏာဘိတ္တဝ ဂါထာများဖြင့် ရွတ်ဖတ်ပူဇော်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ယင်းနောက် နမ္မတူဆရာတော် ဘဒ္ဒန္တဣရိယက အဘိဓဇမဟာရဋ္ဌဂုရု ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိနှင့် ရတနာသိယ့်ကျောင်း ဆရာတော် ဘဒ္ဒန္တဝိစိတ္တာလင်္ကာရက အဂ္ဂမဟာပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး၏ ထေရုပ္ပတ္တိအကျဉ်းများကို ဖတ်ကြားပူဇော်ကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တကေသ၀ထံမှ အနုမောဒနာတရားနာယူခဲ့ကြကြောင်း သတင်းရရှိသည်။