Skip to main content

အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးနောက်ကျကျန်မှုမဖြစ်စေရေးအတွက် အခြေခံပညာကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို မလိုလားသူ နိုင်ငံရေးအစွန်းရောက်များက မြို့နယ်အချို့၌ အကြမ်းဖက်ခြိမ်းခြောက်မှုများ လုပ်ဆောင်

နေပြည်တော် ဇွန် ၁၃

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံ၏အနာဂတ်မျိုးဆက်သစ်ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှုမဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှုအခွင့်အလမ်းကို ပြည့်ဝစွာအသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ NUG အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်များက အနာဂတ်ရင်သွေးငယ်များ၏ ပညာသင်ကြားသင်ယူခွင့် အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့်ဖြစ်စေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် စာသင်ကျောင်းများတွင် ခြိမ်းခြောက်စာများ ရေးသားချိတ်ဆွဲ၍ ခြိမ်းခြောက်အကြမ်းဖက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်ကို တွေ့ရှိရသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်သပြေကျေးရွာရှိ တောင်စွန်းအခြေခံပညာအထက်တန်းကျောင်းခွဲ၌ လည်းကောင်း၊ နံနက် ၁၀ နာရီခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌ လည်းကောင်း၊ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အေးကမ္ဘာကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းရှေ့၌ လည်းကောင်း၊ ဇွန်လ ၁၃ ရက်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံ ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း ကျောင်းတက်ရောက်နေသည့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းတက်ရောက်ခြင်းမပြုရန် ဟန့်တား ထားသည့် ခြိမ်းခြောက်စာများကို PDF အမည်ခံအကြမ်းဖက်သမားများက ခြိမ်းခြောက်ပေးပို့ ထားကြောင်း သိရှိရသည်။

အလားတူ ဇွန် ၁၂ ရက် နံနက် ၁၁ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့ အင်အား ၂၀ ဦးခန့် ဝင်ရောက်လာပြီး သေနတ်များပစ်ဖောက်ကာ ခြိမ်းခြောက်ပြောဆို၍ ကျောက္ကာအခြေခံပညာအလယ်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာကြီး၏ နေအိမ်ပေါ်သို့ တက်ရောက်ရှာဖွေကာ နေအိမ်ခြံစည်းရိုးတွင် ခြိမ်းခြောက် စာ ၁ စောင် ကပ်သွားခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်များမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ မိဘများအား အထိတ်တလန့် ဖြစ်စေရန်နှင့် စာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားခြင်းမပြုနိုင်စေရန်ရည်ရွယ်၍ ခြိမ်းခြောက် အကြမ်းဖက်ခြင်းများပြုလုပ်ခဲ့သည့် နိုင်ငံရေးအစွန်းရောက်အကြမ်းဖက်များအား ဖော်ထုတ်ဖမ်းဆီး အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။