Skip to main content

လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ထပ်မံလာရောက်ခိုလှုံသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နေပြည်တော် ဇွန် ၁၃

လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ ထပ်မံလာရောက်ခိုလှုံသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ နယ်မြေအတွင်း သင်တန်းများတက်ရောက်ခဲ့ပြီး ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သည့် PDF အဖွဲ့ဝင်များအား ၎င်းတို့၏မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မကွေးတိုင်းဒေသကြီး၊ ငဖဲမြို့ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ပြုလုပ်ရာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဒါန်းတပ်နယ်၊ တပ်နယ်မှူးဗိုလ်မှူးချုပ် မျိုးသန့်နှင့် တာဝန်ရှိသူများ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ မင်းဘူးခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ငဖဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အလင်းဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ပဒါန်းတပ်နယ်၊ တပ်နယ်မှူးက ဆုံးမစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးက နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေဆိုင်ရာ ပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်အမျိုးသား ၉ ဦးအား တာဝန်ရှိသူများ ရှေ့မှောက်၌ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ လက်မှတ်ရေးထိုးလွှဲပြောင်း အပ်နှံပေးကြသည်။

ထို့ပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ခိုလှုံခဲ့သည့် ပြစ်မှုကျူးလွန်ခြင်းမရှိသော PDF အဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ပြီး မိဘအုပ်ထိန်းသူများကိုယ်စား ပဒါန်းကျေးရွာမှ ရပ်မိရပ်ဖတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

အလားတူ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၌ PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၄ ဦး၊ စုစုပေါင်း ၇ ဦးတို့သည် နိုင်ငံတော်အစိုးရ၏ ကမ်းလှမ်းမှုကို ယုံကြည်လက်ခံသဖြင့် အလင်းဝင်ရောက်ခဲ့ရာ တာဝန်ရှိသူများမှ နွေးထွေးပျူငှာစွာ လက်ခံကြိုဆိုခဲ့ကြောင်းနှင့် ၎င်းတို့အား ဝန်ခံကတိလက်မှတ်များ ရေးထိုးစေကာ ထောက်ပံ့ငွေများ အသီးသီးပေးအပ်ခဲ့ပြီး ၎င်းတို့၏အုပ်ထိန်းသူမိဘဆွေမျိုးများထံသို့ ပြန်လည်အပ်နှံထားရှိကြောင်း သိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အစိုးရက PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုးတို့အနေဖြင့် နိုင်ငံတော်၏ရှေ့လုပ်ငန်းစဉ်များတွင် ပါဝင်ပူးပေါင်းဆောင်ရွက်နိုင်ရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဥပဒေဘောင်အတွင်းသို့ လက်နက်အပ်နှံပြီး ပြည်သူ့ဘဝသို့ ပြန်လည်ဝင်ရောက်ခြင်းပြုမည်ဆိုပါက ကြိုဆိုလက်ခံသွားမည်ဖြစ်ပါကြောင်း အသိပေးထုတ်ပြန်ထားပြီးဖြစ်ရာ ဇွန် ၆ ရက်တွင်လည်း ပြစ်မှုကျူးလွန်ခြင်းမရှိခဲ့သော PDF အဖွဲ့ဝင် အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး တို့သည် လုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လာရောက်ခိုလှုံခဲ့သဖြင့် အနောက်မြောက် တိုင်းစစ်ဌာနချုပ်၊ ကလေးတပ်နယ်ရှိ အောင်ဆန်းခန်းမ၌ မိဘအုပ်ထိန်းသူများထံသို လွှဲပြောင်းအပ်နှံပေးခဲ့ပြီးဖြစ်ကြောင်း သတင်းရရှိသည်။