Skip to main content

ပဲခူးတိုင်းဒေသကြီးအတွင်း မိုးရာသီအကြို သစ်ပင် ၉၆၁၀ စိုက်ပျိုးပေးနိုင်ခဲ့ပြီး ၁၅၈၄၀ ထပ်မံစိုက်ပျိုးရန် စီစဉ်ဆောင်ရွက်

ပဲခူး ဇွန် ၁၂

ပဲခူးတက္ကသိုလ် ဧရိယာအတွင်း သစ်မျိုးစုံစိုက်ခင်း (စံပြသစ်တော စိုက်ကွက်) လေးဧကတွင် စီးပွားရေးအရ အဖိုးတန် အသုံးဝင်သည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်၊ သင်္ကန်း၊ တမလန်း အစရှိသည့် သစ်မျိုး ၁၃ မျိုး၊ အပင် ၁၂၀၀ စုပေါင်း စိုက်ပျိုးပေးခြင်းဖြင့် ရုက္ခဗေဒဘာသာရပ် သင်ကြားနေသည့် တက္ကသိုလ် ဆရာ ဆရာမများ၊ ဆည်းပူးလေ့လာနေသည့် ကျောင်းသား ကျောင်းသူများအတွက် အနီးကပ် ဆည်းပူးလေ့လာနိုင်စေရေး စိုက်ပျိုးပေးရခြင်းဖြစ်ကြောင်း ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပြောကြားသည်။

ပဲခူးတက္ကသိုလ်ဧရိယာ (စံပြသစ်တောစိုက်ကွက်)အတွင်း သစ်မျိုးစုံစိုက်ခင်း စိုက်ပျိုးပွဲတော်ကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်အတွင်း ကျင်းပစဉ် ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က သစ်တောများအပါအဝင် သဘာဝသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် ရေရှည်တည်တံ့စေရန် ဆောင်ရွက်ပေးခြင်းသည် လူသားအကျိုးစီးပွားအပြင် နောင်အနာဂတ်အတွက် ကောင်းမွန်သော လူမှုဘဝပတ်ဝန်းကျင်ကို ပုံဖော်ပေးခဲ့ခြင်း ဖြစ်ကြောင်း၊ သစ်တော သစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ် တည်တံ့ရေး အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် တပ်မမှူးနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာများ၌ သစ်ပင်များစိုက်ပျိုးပေးကြပြီး လူမှုရေးအသင်းအဖွဲ့များ၊ ပဲခူးတက္ကသိုလ် ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၊ တာဝန်ရှိသူများ၏ သစ်ပင်စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးသည်။

ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၂ ခုနှစ် မေလ၌ မိုးရာသီအကြို သစ်ပင်စိုက်ပျိုးပွဲ ၂၅ ပွဲ၊ သစ်ပင် ၉၆၁၀ စိုက်ပျိုးပေးနိုင်ခဲ့ပြီး ဇွန်လနှင့် ဇူလိုင်လအတွင်း မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲ ၂၆ ပွဲနှင့် သစ်ပင်ပေါင်း ၁၅၈၄၀ ထပ်မံစိုက်ပျိုးနိုင်ရန် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

သတင်းစဉ်