နေပြည်တော် ဇွန် ၁၂
တစ်နိုင်ငံလုံး ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခ ချုပ်ငြိမ်းရေးတို့အတွက် ရည်ရွယ်၍ ဧပြီလ ၂၂ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ခဲ့ရာ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုတိယဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှ နေပြည်တော်သို့ တပ်မတော်လေယာဉ်ဖြင့် ထွက်ခွာသည်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့အား စစ်တွေတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို လိုလား ထောက်ခံခဲ့ကြသည့် ဒေသခံပြည်သူများက “ငြိမ်းချမ်းရေးဆွေးနွေးမှု အောင်မြင်ပါစေ” စာသားပါ ဗွီနိုင်းပိုစတာဆိုင်းဘုတ်များ ကိုင်ဆောင်၍ စစ်တွေလေဆိပ်သို့ ပို့ဆောင်နှုတ်ဆက် ကြသည်။
ထို့နောက် အဆိုပါ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP)မှ ဒုတိယဥက္ကဋ္ဌ ဦးဆောင်သည့် ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်သို့ ရောက်ရှိခဲ့ရာ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ အဖွဲ့ဝင်နှင့် တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ တိုင်းရင်းသား တိုင်းရင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ငြိမ်းချမ်းရေးကိုလိုလားသည့် ဒေသခံပြည်သူများက ထာဝရငြိမ်းချမ်းရေးကို ရရှိရေးသည် ပြည်သူတစ်ရပ်လုံး၏ ဆန္ဒအစစ်အမှန်ဖြစ်သည်၊ ငြိမ်းချမ်းရေးရရှိရေးသည် နိုင်ငံသားအားလုံး၏ ဆန္ဒအမှန်ဖြစ်သည်၊ ပြည်ထောင်စုကြီးငြိမ်းချမ်းဖို့ တွေ့ဆုံဆွေးနွေးကြပါစို့၊ တိုင်းရင်းသားတွေစည်းလုံးမှ ငြိမ်းချမ်းတည်ငြိမ် အေးချမ်းရ စသည့် စာသားပါ ဆိုင်းဘုတ်များ ကိုင်ဆောင်၍ လည်းကောင်း၊ နိုင်ငံတော် အလံငယ်များ ကိုင်ဆောင်၍ လည်းကောင်း နေပြည်တော်လေဆိပ်၌ ကြိုဆိုခဲ့ကြကြောင်း သတင်းရရှိသည်။