Skip to main content

အနုပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများ၏ အနုပညာစွမ်းရည်ပြဖျော် ဖြေတင်ဆက်မှု ကြည့်ရှုအားပေး

မန္တလေး ဇွန် ၁၁

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မိုးဇော်ထွန်းသည် အနုပညာဦးစီးဌာန တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့ အောင်မြေသာစံ မြို့နယ် နန်းတော်ရှေ့ အနုပညာဦးစီးဌာန (မန္တလေး)၊ ထုတ်လုပ်ဌာနစု၊ လေ့ကျင့်ရေးဇာတ်ရုံ၌ အနုပညာ ဦးစီးဌာန(မန္တလေး)၊ ထုတ်လုပ်ဌာနစုနှင့် အနုပညာအထက်တန်းကျောင်း ကျောင်းသား ကျောင်းသူများ၏ စွမ်းရည်ပြ ဖျော်ဖြေတင်ဆက်ပွဲ အခမ်းအနားကို ကြည့်ရှု အားပေးပြီး ဆုငွေများ ချီးမြှင့်ပေးအပ်သည်။

ကြည့်ရှုစစ်ဆေး

ထို့နောက် ဒုတိယဝန်ကြီးသည် အနုပညာဦးစီးဌာန (မန္တလေး) ဌာနဝန်းအတွင်း လုပ်ငန်း ဆောင်ရွက်မှု၊ အမျိုးသားဇာတ်ရုံ၊ ထုတ်လုပ်ဌာနစု၊ အနုပညာ အထက်တန်းကျောင်း လုပ်ငန်း ဆောင်ရွက်မှုနှင့် သင်ကြားရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးအား အမျိုးသားဇာတ်ရုံ(မန္တလေး) အစည်းအဝေးခန်းမ၌ အနုပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးညွန့်ဝင်းက အနုပညာ ဦးစီးဌာန (မန္တလေး)၊ အမျိုးသား ဇာတ်ရုံ၊ ထုတ်လုပ်ဌာနစု၊ အနုပညာ အထက်တန်းကျောင်း (ပန်တျာနှင့် ပန်းချီပန်းပု) တို့၏ လုပ်ငန်းဆောင်ရွက်မှု၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် အမျိုးသားဇာတ်ရုံ၌ ဝန်ထမ်းများ၊ ဆရာ ဆရာမများကို တွေ့ဆုံပြီး အမျိုးဂုဏ်၊ ဇာတိ ဂုဏ်မြင့်မားရေးနှင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ မပျောက်ပျက်အောင် ဖျော်ဖြေတင်ဆက်နိုင်ရေး၊ လူငယ်ထုအတွင်း သရုပ်ပျက်ယဉ်ကျေးမှုများ ထိုးဖောက်ဝင်ရောက်လာခြင်းကို တားဆီးနိုင်ပြီး ယဉ်ကျေးမှု ကိုယ်ခံအား ကောင်းမွန်စေရန် ပြုစုပျိုးထောင်ပေးမည့် ဖျော်ဖြေရေးအစီအစဉ်များ တင်ဆက်နိုင်ရေး၊ ဇာတ်ရုံကြီးများ၌ မြန်မာ့ ဓလေ့ထုံးစံ ဝတ်စားဆင်ယင်မှုပြပွဲများ၊ ဇာတ်တော်ကြီးများ ကပြဖျော်ဖြေ၍ မြန်မာ့ရိုးရာ အနုပညာရပ်များကို ပြည်သူလူထုမှ မြတ်နိုးလာစေရန်၊ နိုင်ငံတကာ ရိုးရာဂီတ ပညာရပ်များကို မြန်မာပြည်သူတို့ ထိတွေ့ခံစားနိုင်စေရန်နှင့် မြန်မာ့ရိုးရာဂီတ အနုပညာရပ်များ ကမ္ဘာသို့ ပျံ့နှံ့နိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်ရေး တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်