ရန်ကုန် ဇွန် ၁၁
ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ဗင်တန်ဘုရားရှိခိုး ကျောင်းတွဲဖက်ဆောင် ပြန်လည်လွှဲပြောင်း လက်ခံရရှိမှုအတွက် ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အလုံမြို့နယ်ရှိ ရန်ကုန်ကရင်နှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်း၌ ကျင်းပရာ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ သိက္ခာတော်ရ ဆရာတော်များ၊ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အဖွင့်ဆုတောင်းကြပြီး သိက္ခာတော်ရ ဆရာတော် ဦးထွန်းသန်းက ကျေးဇူးတော် ချီးမွမ်းရခြင်း အကြောင်းကိုတင်ပြပြီး သိက္ခာတော်ရဆရာတော် လွယ်ထူးက ဒေသနာဟောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်က ယခုပြန်လည် လွှဲပြောင်းပေးအပ်ခဲ့သည့် ဗင်တန်ဘုရားကျောင်းသည် ခရစ်ယာန်ဘာသာဝင်များ အတွက် လွန်စွာအရေးပါသည့် ဘုရားကျောင်း ဖြစ်ကြောင်း၊ ၁၉၆၅ ခုနှစ်တွင် ခရစ်ယာန် သာသနာပိုင်ဖြစ်သည့် ဗင်တန် ဘုရားရှိခိုးကျောင်းကို ပညာရေး ဝန်ကြီးဌာနသို့ လွှဲပြောင်းပေးခဲ့ရကြောင်း၊ ယခုအခါ ဘုရားသခင်၏ ကျေးဇူးတော်ကြောင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်က ခွင့်ပြုပေးခဲ့သဖြင့် ပညာရေးဝန်ကြီးဌာနက ပြန်လည် လွှဲပြောင်းပေးခဲ့ပြီး သာသနာမြေ အဖြစ် ပြန်လည်လွှဲပြောင်း လက်ခံရရှိခဲ့ပြီ ဖြစ်ကြောင်း၊ ဆက်လက်၍လည်း ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ ဘုရားကျောင်းများ ပြန်လည် ပြုပြင်ခြင်း၊ သာသနာမြေရရှိသည့် နေရာများတွင် ဘုရားကျောင်းများ ဆောက်လုပ်ခြင်း စသည့်ကိစ္စများကို ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အောက်မေ့၍ သာသနာရေး ကိစ္စရပ်များကို ကြိုးစား ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
ပြောကြား
ဆက်လက်ပြီး ဒုတိယဝန်ကြီး ဦးဇော်အေးမောင်က ဗင်တန်ဘုရားရှိခိုးကျောင်း လွှဲပြောင်း လက်ခံရရှိခြင်းနှင့် ပတ်သက်ပြီး ဆောင်ရွက်သွားရမည့် ကိစ္စရပ်များကို အမြန်ဆုံးပြီးပြတ်အောင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားသည်။
ယင်းနောက် သိက္ခာတော်ရ ဆရာတော် ပေခလေးက ကျေးဇူး တင်စကားပြောကြားပြီး သိက္ခာတော်ရ ဆရာမ ဒေါက်တာ ဖောဂေါက အထူးဆုတောင်းကာ သိက္ခာတော်ရဆရာ ကလယ်တော က ကောင်းချီးပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်