Skip to main content

ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာအနီးရှိ ပခုက္ကူ-ရေစကြိုကားလမ်း လမ်းအသုံးပြုခ ကောက်ခံသည့် Toll Gate အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းထောင်ဖျက်ဆီး၊ ငွေများ လုယက်ယူဆောင်

နေပြည်တော် ဇွန် ၁၁

မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ကျောက်လှေခါးကျေးရွာအနီး ပခုက္ကူ-ရေစကြို ကားလမ်း လမ်းအသုံးပြုခ ကောက်ခံလျက်ရှိသည့် ထွန်းညို လူကုမ္ပဏီပိုင် Toll Gate အနီးရှိ ဝန်ထမ်းနားနေ ဆောင်များကို ဇွန် ၁၀ ရက် ညနေ ၆ နာရီ ၄၅ မိနစ်ခန့်တွင် PDF အမည်ခံ အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးပြီး ကားလမ်းပေါ်၌ မိုင်းထောင်ဖောက်ခွဲကာ လမ်းအသုံးပြုခကောက်ခံငွေများအား ခြိမ်းခြောက်လုယက် ယူဆောင်သွားကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ အဆိုပါ လမ်းအသုံး ပြုခကောက်ခံရေးဂိတ်၌ ဝန်ထမ်း အမျိုးသား ငါးဦး၊ အမျိုးသမီး ငါးဦးဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်နေစဉ် လက်နက်ငယ်များ ကိုင်ဆောင်ထားသည့် PDF အမည်ခံအကြမ်းဖက်သမား ၂၀ ခန့်တို့က မော်တော်ဆိုင်ကယ် ၁၀ စီး၊ မော်တော်ယာဉ် တစ်စီး တို့ဖြင့် ရောက်ရှိလာပြီး ဝန်ထမ်းများကိုင်ဆောင်သည့် လက်ကိုင်ဖုန်းများအား သိမ်းဆည်း၍ လမ်းဘေး၌ မှောက်ခိုင်းထားကြောင်း၊ ထို့နောက် ဂိတ်အနီးရှိ ဝန်ထမ်း နားနေဆောင်များကို မီးရှို့ဖျက်ဆီး၍ မှန်များကို ရိုက်ခွဲဖျက်ဆီးကာ လမ်းအသုံးပြုခ ကောက်ခံရရှိ ငွေကျပ် သိန်း ၅၀ ကို ခြိမ်းခြောက် ယူဆောင် သွားကြောင်းနှင့် ဂိတ်အတွင်း ကားလမ်းပေါ်၌လည်း မိုင်းထောင် ဖောက်ခွဲမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ Toll Gate ကို ၂၀၁၄ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး နေ့စဉ်လမ်းအသုံးပြုခ ကောက်ခံခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယခုကဲ့သို့ အများပြည်သူ သွားလာနေ သည့်လမ်းများကို ဖောက်ခွဲဖျက်ဆီးခြင်း၊ တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို ခြိမ်းခြောက်၍ ငွေများလုယက်ခြင်းနှင့် အဆောက်အဦများကို ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိရေးအတွက် ပိတ်ဆို့ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်