Skip to main content

NUG အမည်ခံအကြမ်းဖက်အဖွဲ့၏ လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများက ပုလောမြို့နယ် ပိတပ်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းဆရာတစ်ဦးအား အကြောင်းမဲ့သတ်ဖြတ်၊ အခြေခံပညာကျောင်းများအား လက်လုပ်မိုင်းများ/လက်ပစ်ဗုံးများဖြင့် အကြမ်းဖက်ပစ်ခတ်ဖောက်ခွဲ၊ ခြိမ်းခြောက်စာများပေးပို့

နေပြည်တော် ဇွန် ၁၁

မျိုးဆက်သစ် ရင်သွေးငယ်များ၏ ပညာရေးတွင် နောက်ကျကျန်ရစ်မှု မဖြစ်ပေါ်စေရေးအတွက် ပညာသင်ကြားနိုင်မှု အခွင့်အလမ်းကို ပြည့်ဝစွာ အသုံးချနိုင်စေရန် အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ဆရာ၊ မိဘများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ပူးပေါင်းဆောင်ရွက်နေမှုများအပေါ် PDF အမည်ခံ အကြမ်းဖက် သမားများက ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက် အကျပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ် စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မလုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍ မြင့်မားရေးကို ဟန့်တားနှောင့်ယှက်ဖျက်ဆီး လျက်ရှိသည်။

ထိုသို့လုပ်ဆောင်လျက်ရှိရာ ဇွန် ၉ ရက် ညပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ပုလောမြို့နယ် ပိတပ်ကျေးရွာ အခြေခံပညာမူလ တန်းကျောင်းမှ မူလတန်းပြ ကျောင်းဆရာဖြစ်သည့် ဦးချိန်မင်း (၃၀)နှစ် (ဘ) ဦးစိန်ဝင်းသည် ၎င်း၏ နေအိမ်၌ မူလတန်းကလေး ငယ်များအား စာသင်ကြားပေး နေစဉ် PDF အမည်ခံ အကြမ်းဖက်သမားနှစ်ဦးက နေအိမ်ပေါ်သို့ တက်လာကာ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်ခဲ့သဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် ဇွန် ၁၀ ရက် နံနက် ၁၁ နာရီ ၅၅ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အောင်မင်္ဂလာရပ်ကွက်ရှိ အမှတ် (၇) အခြေခံပညာ အထက်တန်းကျောင်းအား PDF အမည်ခံ အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လက်လုပ်ဗုံး တစ်လုံးဖြင့် ပစ်ပေါက်ကာ မောင်းနှင်ထွက် ပြေးသွားခဲ့ရာ လက်လုပ်ဗုံးမှာ ကျောင်းဝင်ပေါက်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦ ထိခိုက်ပျက်စီးမှု မရှိကြောင်း သိရှိရသည်။

၎င်းအပြင် ဇွန် ၉ ရက် ည ၁၀ နာရီခန့်တွင် ကချင်ပြည်နယ် ရွှေကူမြို့နယ် ဘိုကုန်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း အုတ်တံတိုင်းအနီး၌ လည်းကောင်း၊ ဇွန် ၁၀ ရက် နံနက် ၈ နာရီခန့်တွင် မွန်ပြည်နယ် ရေးမြို့နယ် ကနင်ကမော့ကျေးရွာ အခြေခံပညာ အထက်တန်း ကျောင်းခွဲ ဝင်ပေါက်အနီးနှင့် ဘဲလမုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲ ဝင်ပေါက် အနီး၌လည်းကောင်း၊ နံနက် ၁၀ နာရီခန့်တွင် မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ကျွန်းချောင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း ဝင်ပေါက်အနီး၌ လည်းကောင်း NUG အမည်ခံ အကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက “ကလေးသူငယ်များ ပညာသင်ကြားပေးနေမှုများအား ရပ်တန့်ရန်၊ တာဝန်ထမ်းဆောင်လျက် ရှိသည့် ပညာရေးဝန်ထမ်းများ CDM ပြုလုပ်ရန်နှင့် CDM မပြုလုပ်ပါက ပညာရေး ဝန်ထမ်း များ၏ အသက်အန္တရာယ်နှင့် လုံခြုံရေးကိုလုံးဝတာဝန်ယူမည် မဟုတ်ကြောင်း အကြမ်းဖက် အဖွဲ့များ၏ အမည်များဖြင့် ခြိမ်းခြောက်ရေးသားထားသည့် ခြိမ်းခြောက်စာများအား ကျည်ဆန် များနှင့်အတူ လာရောက်ထားရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ အနာဂတ်လူငယ် လူရွယ်များ ပညာသင်ကြားမှုများ မပြုလုပ်နိုင်စေရန် ရည်ရွယ်၍ ဆရာ ဆရာမများ အကြောင်းမဲ့သတ်ဖြတ်ခြင်း၊ ကျောင်း အဆောက်အဦများနှင့် အခြားအုပ်ချုပ်မှု အဆောက်အဦများအား လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သူများအား အမြန်ဆုံး ဖမ်းဆီးဖော်ထုတ် နိုင်ရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြည်သူများနှင့် ပူးပေါင်း၍ စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

သတင်းစဉ်