နေပြည်တော် ဇွန် ၁၁
စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီနယ်မြေ ပျဉ်းမနားမြို့ရှိ စိုက်ပျိုးရေး သိပ္ပံကျောင်း စုဝေးဆောင်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနား) ဆရာ ဆရာမများ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပထမနှစ်တွင် တက်ရောက်ပညာသင်ယူကြမည့် စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား ကျောင်းသူများ တက်ရောက် ကြသည်။
အခမ်းအနားကို ကျောင်းသား ကျောင်းသူများက စုပေါင်းသီချင်း သီဆိုဖွင့်လှစ်ကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအနေဖြင့် နိုင်ငံ၏ လူသားအရင်းအမြစ်စွမ်းအားများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပညာရေးကို ဦးစားပေးမြှင့်တင်လျက်ရှိကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် များတွင် ဖွင့်လှစ်ထားသည့် စိုက်ပျိုးရေးသိပ္ပံကျောင်း ၁၅ ကျောင်းကို လိုအပ်သည့် ပြုပြင်မွမ်းမံမှုများ အဆင့်မြှင့်တင် ပေးမှုများအပါအဝင် မွေးမြူရေးဒီပလိုမာသင်တန်းများ တိုးချဲ့ဖွင့်လှစ်ပေးနိုင်ရေး စီမံဆောင်ရွက် လျက်ရှိကြောင်း၊ လက်ရှိတွင် ပျဉ်းမနား၊ ပုသိမ်ကြီးနှင့် ဟဲဟိုး စိုက်ပျိုးရေးသိပ္ပံ ကျောင်းများတွင် ယခုပညာသင်နှစ်မှ စတင်၍ မွေးမြူရေးဒီပလိုမာသင်တန်း ဖွင့်လှစ်ပေးလျက် ရှိကြောင်း၊ မောင်တို့ မယ်တို့အနေဖြင့် စာတွေ့လက်တွေ့ နည်းပညာရပ်များအပြင် အသိပညာများ ဗဟုသုတများကို တစ်ပါတည်း ဆည်းပူးလေ့လာ သွားကြစေလိုကြောင်း၊ အထူးသဖြင့် မိသားစုရင်ခွင်မှ စတင်ထွက်ခွာလာပြီး ပတ်ဝန်းကျင်အသစ် မိသားစုအသစ်တွင် လိုက်လျောညီထွေ နေထိုင်တတ်မှု၊ အသင်းအဖွဲ့ပုံစံဖြင့် စုပေါင်းဆောင်ရွက်တတ်မှု၊ မိမိပါဝင်သည့် အသင်းအဖွဲ့ တာဝန်ကို အကောင်းဆုံး ဆောင်ရွက်တတ်မှု စသည့် အတွေ့အကြုံများကို လုပ်ငန်းခွင်အထိ အသုံးချနိုင်စေရန် ကာယ၊ ဉာဏ၊ စာရိတ္တနှင့် မိတ္တဗလဖွံ့ဖြိုးရေးအတွက်ကိုပါ လေ့ကျင့် သွားကြရမည့်နေရာဌာနလည်း ဖြစ်ကြောင်း။
ကျောင်းဆင်းပြီး ဒေသအသီးသီးတွင် မိမိတို့ တတ်မြောက်ထားသော နည်းပညာ၊ ဗဟုသုတများကို လက်ဆင့်ကမ်းပေးခြင်းအားဖြင့် ဒေသခံတောင်သူ လယ်သမားများ၏ စိုက်ပျိုးရေးဆိုင်ရာ ဗဟုသုတများ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အကျိုးပြုနိုင်မှာဖြစ်လို့ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ၏လူ့စွမ်းအား အရင်းအမြစ်ကို အထောက်အကူပြုနိုင်ရေး ကြိုးပမ်းကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက အားကစားပစ္စည်းများကိုလည်းကောင်း၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌက ထောက်ပံ့ငွေများနှင့် ကျန်းမာရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ကိုလည်းကောင်း ပေးအပ်ကြရာ ကျောင်းသား ကျောင်းသူကိုယ်စားလှယ်များက လက်ခံရယူ ခဲ့ကြပြီး ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့က ကျေးဇူးတင်စကား ပြောကြားသည်။
စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)ကို ၁၉၅၄ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ယနေ့အထိ ဒီပလိုမာ လက်မှတ်ရ အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူ (၅၀၀၀) ကျော် မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကာ နိုင်ငံတစ်ဝန်းရှိ စိုက်ပျိုးရေးသိပ္ပံ ၁၅ ကျောင်းမှ ဒီပလိုမာ လက်မှတ်ရ အသက်မွေးဝမ်းကျောင်းပညာရပ် ကျွမ်းကျင်သူ စုစုပေါင်း ၂၃၀၀၀ ကျော်ကို လေ့ကျင့် မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း၊ စိုက်ပျိုးရေးသိပ္ပံနှင့် မွေးမြူရေးဒီပလိုမာသင်တန်းများ၏ သုံးနှစ် သင်တန်းသို့ တက်ရောက် အောင်မြင်ပြီးသူများအား ဒီပလိုမာလက်မှတ် ချီးမြှင့်ပေးအပ် လျက်ရှိပြီး၊ သတ်မှတ်အရည်အချင်း ပြည့်မီသူများအနေဖြင့် သက်ဆိုင်ရာ စိုက်ပျိုးရေးတက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်များတွင် ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူဘွဲ့ဆိုင်ရာ ပညာရပ်များ ဆက်လက်ဆည်းပူး လေ့လာ နိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်