Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၁၁-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ် စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိပြီး (၁၀-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ (၁၁-၆-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၆,၆၅၆) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာသစ် (၁၃) ဦး တွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့ အတွက် ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာ (၀.၂၀) ရာခိုင်နှုန်း ရှိပါသည်။

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၂၇၁,၂၀၉) ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၁၃,၄၄၀) ဦး ရှိပြီ ဖြစ်ပါသည်။

ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင် သီးခြားထားရှိခြင်းနှင့် ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ (၂၂) ဦး ရှိသဖြင့် ယနေ့အထိ ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (592,၄၂၃) ဦး ရှိပြီ ဖြစ်ပါသည်။ ယနေ့တွင် လည်း COVID-19 ရောဂါဖြင့် သေဆုံးသူ မရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (19,434) ဦး ရှိပါသည်။

  • ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံမှု ခံယူထားခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးရမှုကို ၇ ဆ ခန့်အထိ လျှော့ချနိုင်သည်ကို တွေ့ရှိရပါသည်။ လူတိုင်းစေ့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့် ထိုးနှံထားရှိရန် လိုအပ်သကဲ့သို့ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များ၊ သွေးတိုး၊ နှလုံး၊ ဆီးချို အစရှိသည့် နာတာရှည် ရောဂါရှိသူများသည်လည်း ကာကွယ်ဆေး အကြိမ်ပြည့် ထိုးနှံကြရန် အထူးလိုအပ်ပါ သည်။
  • နိုင်ငံတကာခရီးသွားကဏ္ဍတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံမှု ခံယူထားသူများအား ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကန့်သတ်ချက် များနှင့် ပတ်သက်၍ ဖြေလျှော့ပေးခြင်းများစွာ ဆောင်ရွက်လျက်ရှိပါသည်။
  • ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၁၅ နှစ်နှင့်အထက် ပြည်သူများအားလုံးနှင့် အသက် ၅ နှစ်မှ အသက် ၁၈ နှစ်အထိ အခြေခံပညာ ကျောင်းသူ/ကျောင်းသားများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိခြင်းနှင့် အသက် ၁၈ နှစ်နှင့်အထက် ကာကွယ်ဆေး အကြိမ် ပြည့်ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော ပြည်သူများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး အခမဲ့ ထိုးနှံပေးလျက်ရှိပါ၍ ပြည်သူများ အနေဖြင့် နီးစပ်ရာ ကျန်းမာရေးဌာနများ၊ ကျေးရွာ/ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများနှင့် ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက် ခံယူကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
  • ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာ moh.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။