Skip to main content

အာဇာနည်ဗိမာန် ပြုပြင်မွမ်းမံမှုများ ကြည့်ရှုစစ်ဆေး

ရန်ကုန် ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေးသည် ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီ၊ အတွင်းရေးမှူး ဦးညွန့်ဖေနှင့် ကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဗဟန်းမြို့နယ်ရေတာရှည်ရပ်ကွက် အာဇာနည်လမ်းရှိ အာဇာနည်ဗိမာန် ကွပ်ကဲရေးရုံးသို့ရောက်ရှိကာ ကွပ်ကဲရေးရုံးအတွင်း၊ အပြင်ပြုပြင်မွမ်းမံနေမှုများကို ကြည့်ရှုစစ်ဆေးပြီး သွေးဆေးကန် ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာသပ်ရပ်ရေး ဆောင်ရွက်ရန်မှာကြားသည်။

ထို့နောက် မြို့တော်ဝန်သည် အာဇာနည်ဗိမာန်အဝင်လမ်းဘေးရှိ အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ အတ္ထုပ္ပတ္တိများနှင့်အဆိုအမိန့်များ ရေးသားပြသထားသော ဆိုင်းဘုတ်များဆေးသုတ်ပြုပြင်နေမှု၊ ဗိမာန်ဆေးသုတ်နေမှု၊ ဗိမာန်ရင်ပြင်ကြွေပြားများ ပြန်လည်ချေးချွတ်ဆေးကြောနေမှုနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂူဗိမာန်များ ပြန်လည်ပြုပြင်မွမ်းမံနေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

အဆိုပါ အာဇာနည်ဗိမာန်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလတွင် ယဉ်ကျေးမှုဝန်ကြီးဌာနမှ လွှဲပြောင်းလက်ခံရယူကာ စဉ်ဆက်မပြတ် ပြုပြင်မွမ်းမံထိန်းသိမ်းခဲ့သည့်အပြင် အများပြည်သူလေ့လာနိုင်ရန်အပတ်စဉ် တနင်္လာနေ့မှအပ နေ့စဉ်ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

သတင်းစဉ်