Skip to main content

တက္ကသိုလ်၊ ကောလိပ်ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၅) သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် ဇွန် ၁၀

တက္ကသိုလ်၊ ကောလိပ်ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း အမှတ်စဉ်(၂၅)သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်မြို့ရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အောက်မြန်မာပြည်) ရတနာ သိင်္ဃခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဦးသန်းဆွေ၊ အဖွဲ့ဝင်ဦးစစ်အေး၊ တာဝန်ခံအဖွဲ့ဝင် ဦးစိုးတင့်၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်)ပါမောက္ခချုပ် ဦးဇော်ဇော်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနကြီးမှူးများ၊ တက္ကသိုလ်သင်ကြားရေး/စီမံဌာနများမှ ပါမောက္ခ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌက တက္ကသိုလ်၊ ကောလိပ်ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်မှာ ဆရာ ဆရာမများ၏ စိတ်ဓာတ်ပိုင်းဆိုင်ရာခံယူချက်များ မှန်ကန်မြင့်မားလာစေရန်၊ အဆင့်မြင့်ပညာရေးနှင့် စပ်လျဉ်းသည့် ဗဟုသုတများ၊ နိုင်ငံ့ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများကိုသိရှိပြီး စည်းကမ်းလိုက်နာမှု အားကောင်းလာစေရန်၊ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးအတွက်အခြေခံစစ်ပညာကို တတ်ကျွမ်းနားလည် သဘောပေါက်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း။

နိုင်ငံတော်အနေဖြင့် ပညာရေးကဏ္ဍတိုးတက်ရေးကို ဦးစားပေးပြီး အထူးအလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံဖွံ့ဖြိုးရေးအတွက် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနေသော တက္ကသိုလ်၊ ကောလိပ်များတွင် သင်ကြားရေးတာဝန် ထမ်းဆောင်နေသည့် ဆရာ ဆရာမများသည် ကျောင်းသားလူငယ် များနှင့် မိမိတို့တိုင်းပြည်၏ အနာဂတ်ကောင်းမွန်စေအောင် ထုဆစ်ပုံဖော်ပေးနေကြသူများဖြစ်ကြောင်း၊ ထို့ပြင် မျိုးဆက်သစ်ကျောင်းသား လူငယ်များ၏ ဉာဏ်ရည်ဉာဏ်သွေးဖွံ့ဖြိုးမှု၊ ကျွမ်းကျင်ပိုင်နိုင်မှုများနှင့်အတူ ၎င်းတို့၏ အနာဂတ်ရည်မှန်းချက်များ၊ အရည်အသွေးများ၊ တောက်ပပြည့်မီ လာအောင် အဓိကအခန်းကဏ္ဍက တာဝန်ယူနေကြသူများဖြစ်ကြောင်း။

လူငယ်များ၏ ပညာရည်မြင့်မားရေးသာမက ကိုယ်ကျင့်တရားကောင်းမွန်ရေးကိုလည်း အလေးပေးပြီး သင်ကြားသွားရန် လိုအပ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့်လည်း မိမိတို့ တာဝန်ထမ်းဆောင်ရာတွင် ကိုယ်ကျင့်တရားမှအစ တပည့်လူငယ်များ၏ စံပြဖြစ်အောင် ကျင့်ကြံနေထိုင်သွားရန်လိုအပ်ကြောင်း၊ ထို့ပြင် နိုင်ငံ့ဝန်ထမ်းများအတွက် ချမှတ်ထားသောစည်းကမ်း၊ ကျင့်ဝတ်များကိုလည်း စောင့်ထိန်းလိုက်နာသွားရန် လိုအပ်ကြောင်း၊ မိမိတို့တာဝန်ထမ်းဆောင်သော တက္ကသိုလ်၊ ကောလိပ်ကျောင်းများ၏ ဂုဏ်သတင်းထင်ပေါ်ကျော်ကြားရေးနှင့် ပညာရည်အဆင့်အတန်းမြင့်မားရေးတို့အတွက် အချင်းချင်းပူးပေါင်းဆောင်ရွက်မှုဖြင့် ကြိုးပမ်းသွားရန်လိုကြောင်း၊ နိုင်ငံသူ၊ နိုင်ငံသားများအားလုံး ပညာရည်မြင့်မားရေး၊ ရင်သွေးငယ်များအားလုံး ပညာသင်ခွင့်အခွင့်အလမ်းများရရှိရေး၊ ပညာကိုတန်ဖိုးထားတတ်စေရေး စုပေါင်းကြိုးပမ်းဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း တိုက်တွန်းပြောကြားသည်။

ထို့နောက် သင်တန်းထူးချွန်ဆု ရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းဆင်းဂုဏ်ပြု လက်မှတ်များပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌသည် အရာထမ်းလောင်း အခြေခံသင်တန်း၊ ပြည်သူ့ဝန်ထမ်းစီမံခန့်ခွဲမှု ဘွဲ့လွန်ဒီပလိုမာသင်တန်း အမှတ်စဉ်(၈) စစ်ရေးပြသင်ခန်းစာသင်ကြား လေ့ကျင့်မှုကို လည်းကောင်း၊ စာရေးဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ်(၂၀၀) ဘာသာရပ်ဆန်းစစ်ချက် ဖြေဆိုနေမှုကိုလည်းကောင်း၊ စိုက်ပျိုးရေးဌာနစုရှိ ရာသီသီးနှံများစိုက်ပျိုးထားရှိမှုကို လည်းကောင်း၊ ဝန်ထမ်းအဖွဲ့အစည်း ဒုတိယအကြီးအမှူးစီမံခန့်ခွဲမှုသင်တန်း အမှတ်စဉ်(၄)နှင့် အဆင့်မြင့်အရာထမ်းစီမံခန့်ခွဲမှု သင်တန်းအမှတ်စဉ်(၁၇) သင်ကြားနေမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး ရတနာသိင်္ဃခန်းမ၌ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ လေ့ကျင့်သင်ကြားရေးနှင့်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။

တက္ကသိုလ်၊ ကောလိပ် ဆရာ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ်(၂၅)သို့ သင်တန်းသား စုစုပေါင်း(၂၅၃)ဦး တက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တငါးပတ်ကြာမြင့်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်