Skip to main content

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲကျင်းပ

နေပြည်တော် ဇွန် ၁၀

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ ကော်မရှင်ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများနှင့် သင်တန်းသား သင်တန်းသူ ၅၁ ဦး တက်ရောက်ခဲ့ကြသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ကော်မရှင်ဥက္ကဋ္ဌ ဦးတင်ဦးကသင်တန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေ၊ ကော်မရှင်ကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ ရုံးလုပ်ငန်းလက်စွဲ၊ ဘဏ္ဍာရေးစည်းမျဉ်း၊ စတိုပစ္စည်းစာရင်းထားနည်း၊ အမှုတွဲထိန်းသိမ်းနည်း၊ လုပ်ငန်းကော်မတီ၊ ဌာနများ၏ဆောင်ရွက်ချက်များ၊ စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ပို့ချသင်ကြားပေးခဲ့သည့်အတွက် ဝန်ထမ်းသစ်များအနေဖြင့် လုပ်ငန်းသဘောတရားများကို အတိုင်းအတာတစ်ခုအထိ သဘောပေါက်နားလည်မည်ဟု ယုံကြည်ကြောင်း၊ ဝန်ထမ်းသစ်များအနေဖြင့် ယနေ့မှစ၍ လုပ်ငန်းခွင်သို့ ဝင်ရောက်ရတော့မည်ဖြစ်ရာ သက်ဆိုင်ရာဌာနခွဲအသီးသီးတွင် တာဝန်ထမ်းဆောင်ရာ၌ သင်တန်းမှပို့ချပေးလိုက်သည့် သင်ခန်းစာများကိုအခြေခံ၍ လုပ်ငန်းခွင်တွင် ထပ်မံလေ့လာသင်ယူပြီး စနစ်တကျ လုပ်ကိုင်ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း။

ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် ဖြောင့်မတ်တည်ကြည်မှု၊ လွတ်လပ်စွာရပ်တည်နိုင်မှု၊ တာဝန်ယူမှု၊ ပွင့်လင်းမြင်သာမှု၊ မျှတမှု၊ အားလုံးပါဝင်နိုင်မှုအစရှိသည့် အခြေခံမူများကိုလိုက်နာကျင့်သုံးရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ၏ လုပ်ကိုင်ဆောင်ရွက်ချက်၊ နေထိုင်ပြောဆိုမှုများသည် ကော်မရှင်ရုံး၏ဂုဏ်သိက္ခာနှင့် တိုက်ရိုက်သက်ဆိုင်နေသည်ကို သိရှိရန်လိုကြောင်း။

ဝန်ထမ်းသစ်များအနေဖြင့် ကော်မရှင်၏ရည်မှန်းချက်၊ ဦးတည်ချက်များကို အောင်မြင်ရန် အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်ကို အမြဲနှလုံးသွင်းထားရန်လိုကြောင်း၊ ဝန်ထမ်းများသည် အနာဂတ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အတွက် အားကိုးအားထားပြုရသည့်၊ ယုံကြည်စိတ်ချရသည့် ဝန်ထမ်းများ၊ နိုင်ငံတော်အတွက် အကျိုးကျေးဇူးများစွာကိုဖန်တီးပေးနိုင်သည့် ဝန်ထမ်းကောင်းများအဖြစ် ရပ်တည်နိုင်ကြစေရန် ဆန္ဒပြုကြောင်း ပြောကြားသည်။

ယင်းနောက် ကော်မရှင်ဥက္ကဋ္ဌက သင်တန်းတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိခဲ့ကြသည့် သင်တန်းသားသုံးဦးအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ဆုများ ချီးမြှင့်ပေးအပ်ပြီး သင်တန်းတက်ရောက်ခဲ့ကြသည့် သင်တန်းသား ၅၁ ဦးကိုယ်စား သင်တန်းသားတစ်ဦးအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်