Skip to main content

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ် (စစ်ကိုင်း) ကြည့်ရှုစစ်ဆေး

နေပြည်တော် ဇွန် ၁၀

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်သည် ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖြိုးသန့်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ နယ်စပ်ရေးရာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွာသစ်ကြီးကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်သို့ရောက်ရှိပြီး ဖွံ့ဖြိုးရေးတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မဟာပညာရေးဘွဲ့နှစ်နှစ်သင်တန်းနှင့် ပညာရေးဘွဲ့ငါးနှစ်သင်တန်းတို့မှ ကျောင်းသား ကျောင်းသူများ၏ ဘာသာရပ်အလိုက် စာပေသင်ကြားနေမှု၊ တက္ကသိုလ်စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာများနှင့်အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့် အခြေအနေများကိုကြည့်ရှုစစ်ဆေးခဲ့ပြီး စားရိပ်သာတွင် ကျောင်းသား၊ ကျောင်းသူများနှင့်အတူ နေ့လယ်စာ သုံးဆောင်သည်။      

ကြည့်ရှုစစ်ဆေး

ဆက်လက်၍ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ကျောင်းသား ကျောင်းသူများ သက်သာချောင်ချိရေးအတွက် မွေးမြူထားရှိသည့် အသားစားကြက်၊ ဥစားကြက်ခြံ၊ ငါးမွေးမြူရေးကန်များနှင့် စိုက်ပျိုးရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများကို မှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင် တက္ကသိုလ်အစည်းအဝေးခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများနှင့်တွေ့ဆုံ၍ ပါမောက္ခချုပ်မှ သင်တန်းကျောင်းဆိုင်ရာအချက်အလက်များ၊ လေ့ကျင့်သင်ကြားရေးဆိုင်ရာ အခြေအနေများနှင့် ဝန်ထမ်းသက်သာချောင်ချိရေးအတွက် ဆောင်ရွက်ထားရှိသည့် စိုက်ပျိုးမွေးမြူရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြမှုအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်

ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်ဘွဲ့နှင်းခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံစဉ် ကျောင်းသား ကျောင်းသူများအနေနှင့် လက်ရှိပညာသင်ကြားရေးကာလအတွင်း ပညာရပ်များကို ကြိုးစားသင်ယူရေး၊ တက္ကသိုလ်တွင် ပညာရှာမှီးစဉ် တိုင်းရင်းသားအချင်းချင်း ချစ်ခင်စည်းလုံးစွာဖြင့် ပြည်ထောင်စုစိတ်ဓာတ်ရင့်သန်ခိုင်မာအောင် နေထိုင်ကျင့်ကြံရေး၊ ပါတီနိုင်ငံရေးကင်းရှင်းပြီး စာရိတ္တနှင့် ကိုယ်ကျင့်တရားကောင်းမွန်သော ပညာရေးဝန်ထမ်းကောင်းများဖြစ်အောင် လေ့ကျင့်မွေးထုတ်နိုင်ရေး၊ ဆရာ ဆရာမများအနေဖြင့်လည်း တက္ကသိုလ်၏ ရည်မှန်းချက် ၅ ရပ်နှင့်အညီ ကျောင်းသား ကျောင်းသူများကို စာပေဘာသာရပ်များအပြင် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်ပြီးယုံကြည်ချက်၊ ခံယူချက်၊ အတွေးအခေါ်နှင့် ဆင်ခြင်တုံတရားမြင့်မားစေရေးအတွက် သင်ကြားလေ့ကျင့်ပေးရေး၊ အားကစားကဏ္ဍအပါအဝင် ဘက်စုံထူးချွန်ထက်မြက်ပြီး အနာဂတ်တွင် နိုင်ငံတော်မှအားထားရသည့် နိုင်ငံ့သားကောင်း၊ သမီးကောင်းများဖြစ်လာစေရေး ဦးတည်ချက်ထားရှိ ဆောင်ရွက်သွားကြရန်မှာကြားပြီး ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တက္ကသိုလ်၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားသို့တက်ရောက်ပြီး ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့်အတူ ရတနာတန်းဝင်ကျွန်းပင်များကို စိုက်ပျိုးပေးသည်။

အမှာစကားပြောကြား

ပြည်ထေင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး အုန်းတောကျေးရွာရှိ ပြည်ထောင်စုတိုင်းရင်းသားလူငယ်များ စွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်သို့ရောက်ရှိပြီး ကောလိပ်၏ ပထမအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုး ပွဲတော်အခမ်းအနားသို့ တက်ရောက်အမှာစကား ပြောကြားသည်။

ယင်းနောက် ရတနာတန်းဝင် ကျွန်းပင်ကို စိုက်ပျိုးပေးပြီး ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ၏ ကျွန်း၊ ပိတောက်၊ သရက်၊ မန်ကျည်းအပင်ရေ ၁၀၀၀ ကျော်စိုက်ပျိုးနေမှုကို လိုက်လံကြည့်ရှုအားပေးသည်။ ထို့နောက် စာသင်ဆောင်များ၌ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများ၏ စာသင်ကြားနေမှု၊ လက်တွေ့ခန်းများ၊ စာကြည့်တိုက်၊ အိပ်ဆောင်၊ စားရိပ်သာနှင့် အားကစားကွင်း အဆင့်မြှင့်တင်ဆောင်ရွက်မည့်အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းပေးပြီးစားရိပ်သာတွင် ကျောင်းသား ကျောင်းသူများနှင့်အတူ နေ့လယ်စာသုံးဆောင်သည်။

ဆက်လက်၍ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ညွှန်ကြားရေးမှူးများ၊ ပါမောက္ခ/ဌာနမှူးများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်