Skip to main content

ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာနယ်ပယ်သုံးခုမှ အနုပညာရှင်၊ အတတ်ပညာရှင်များပူးပေါင်းပြီး ပဒေသာကပွဲကြီးကျင်းပရေး လုပ်ငန်းညှိနှိုင်းစည်းဝေး

နေပြည်တော် ဇွန် ၁၀

ရုပ်ရှင်၊ ဂီတ၊သဘင် ပဒေသာကပွဲကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီက နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ဒုတိယဝန်ကြီး ဦးရဲတင့်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဒါရိုက်တာစင်ရော်မောင်မောင်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးနာယက ဦးအောင်လွင်၊ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်၊ မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးအတွင်းရေးမှူး ဦးနေဝင်းနှင့် ရုပ်ရှင်၊ ဂီတ၊ သဘင်တို့မှ အနုပညာရှင်များက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။

ပဒေသာကပွဲကြီးကျင်းပ

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက ရုပ်ရှင်၊ ဂီတ၊ သဘင် အနုပညာနယ်ပယ်သုံးခုမှ အနုပညာရှင်၊ အတတ်ပညာရှင်များပူးပေါင်းပြီး ပဒေသာကပွဲကြီးတစ်ခု ကျင်းပရန်အတွက် ယခုလို လုပ်ငန်းကြိုတင်ညှိနှိုင်း အစည်းအဝေးပြုလုပ်ရခြင်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါဆိုင်ရာကန့်သတ်ချက်များနှင့် အခြားသော အကြောင်းအရာများကြောင့် ခေတ္တရပ်နားထားခဲ့ရသည့် ဖျော်ဖြေတင်ဆက်ရေး လုပ်ငန်းများကို ပြန်လည်စတင်ဆောင်ရွက်နိုင်ရန်နှင့် အနုပညာနယ်ပယ်အသီးသီးမှ အနုပညာရှင်များအားလုံး မိမိတို့၏ အနုပညာလုပ်ငန်းများ ပြန်လည်စတင် လုပ်ကိုင်ဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ပြီး အနုပညာမောင်နှမများ၏ စွမ်းအားနှင့် စုပေါင်းပါဝင်သည့် ပဒေသာကပွဲကြီး ကျင်းပပြုလုပ်ရန် ရည်မှန်းထားပါကြောင်း။

စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည့် အနုပညာအဖွဲ့အစည်းများသည် ခေတ်အဆက်ဆက်၊ အစိုးရအဆက်ဆက် ပြောင်းလဲခဲ့ချိန်များ တွင်လည်း အစိုးရ၏ မူဝါဒအပေါ်မူတည်ပြီး နိုင်ငံတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့ကြသည်ကို တွေ့ရှိရပါကြောင်း။ အနုပညာရှင်ဆိုသည်မှာ ပြည်သူများအားလုံး၏ စိတ်ခံစားမှုများကို ပြောင်းလဲစေနိုင်ပြီး ပြည်သူလူထုကို အသိပညာပေးခြင်း၊ ဖျော်ဖြေမှုရသပေးခြင်းများနှင့်အတူ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် အမျိုးသားရေး စရိုက်လက္ခဏာများကိုထိန်းသိမ်းပြီး နိုင်ငံ၏ ရေစီးကြောင်းပေါ်တွင် ပါလာအောင် စည်းရုံးလှုံ့ဆော်နိုင်ခဲ့ကြသူများဖြစ်ပါကြောင်း။

သမိုင်းမှတ်တမ်းတင်နိုင်ခဲ့

နိုင်ငံတော်အနေဖြင့်လည်း မိမိတို့၏ ပြည်တွင်းအင်အားစုများဖြစ်သော စာပေ၊ ရုပ်ရှင်၊ ဂီတ၊ သဘင် စသည်တို့မှ အနုပညာရှင်များကို အမြဲမပြတ် ကူညီပံ့ပိုးပေးလျက်ရှိသလို အနုပညာရှင်များကလည်း မိမိတို့တတ်ကျွမ်းသည့် အနုပညာရပ်နှင့် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ခေတ်အဆက်ဆက် သယ်ပိုးပေးခဲ့ကြသည်ကို သမိုင်းမှတ်တမ်းတွင်တင်ထားနိုင်ခဲ့ပါကြောင်း၊ ယခုလည်း ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲကျင်းပနိုင်ရေးအတွက် ယခင်ကလို အနုပညာရှင်များ၏ စုပေါင်းစွမ်းအားနှင့် တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ပေးမည်ဟုယုံကြည်ပါကြောင်း၊ ယခုလို ဆောင်ရွက်ရာတွင် သက်ဆိုင်ရာနယ်ပယ်အလိုက် ပါဝင်ဆောင်ရွက်နိုင်မည့် ဆောင်ရွက်သင့်သည့် အစီအစဉ်များ၊ လိုအပ်ချက်များကို အကြံပြု ဆွေးနွေးပေးစေလိုကြောင်း။

ကိုဗစ် - ၁၉ ကာလတွင် ပြည်သူများ၏ ညှိုးနွမ်းနေသည့် စိတ်နှလုံးများ၊ ရပ်တန့်ခဲ့ရသည့် ယန္တရားများ၊ ပြန်လည်လည်ပတ်စ ပြုနေသည့် လုပ်ငန်းများကို မိမိတို့ အနုပညာရှင်များက ယနေ့အချိန်အခါတွင် ခေတ်အဆက်ဆက် အမျိုးသားရေးတာဝန်ကျေမှု၊ တီထွင်ကြိုးပမ်းအားထုတ်မှု၊ ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက်မှုဆိုသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်အဖွဲ့အစည်းများ၏ အစဉ်အလာကောင်းများနှင့်အညီ တိုင်းရင်းသားပြည်သူအားလုံး၏ စိတ်နှလုံးကို ထာဝရချမ်းမြေ့ ပျော်ရွှင်နေအောင် အနုပညာစွမ်းပကားနှင့် သယ်ပိုးထမ်းဆောင်ရင်း အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေးအတွက် ဝိုင်းဝန်း အကြံပြုပေးကြပါဟု ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ရုပ်ရှင်၊ ဂီတ၊ သဘင် ပဒေသာကပွဲ ကျင်းပပြုလုပ်မည့် အစီအစဉ်အကြမ်းဖျင်းကို ရှင်းလင်းတင်ပြသည်။

ဝိုင်းဝန်းဆွေးနွေး

ယင်းနောက် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး နာယက ဦးအောင်လွင်၊ မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို)ဥက္ကဋ္ဌ ဦးလွင်မြင့်နှင့် မြန်မာနိုင်ငံသဘင်ပညာရှင်များ အစည်းအရုံးအတွင်းရေးမှူး ဦးနေဝင်းတို့က ရုပ်ရှင်၊ ဂီတ၊ သဘင်ပဒေသာကပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်မှအနုပညာရှင်၊ အတတ်ပညာရှင်များက ဝိုင်းဝန်းအကြံပြု ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တင်ပြချက်များနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့သည်။

သတင်းစဉ်