နေပြည်တော် ဇွန် ၁၀
မြန်မာ့ရိုးရာ ခြင်းလုံးအားကစား ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၂ခုနှစ်တိုင်းဒေသကြီးနှင့် ပြည်နယ် ရိုးရာခြင်းလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားရုံ (B) ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်၊ ဦးခင်မောင်ဆွေ၊ Jeng Phang နော်တောင်၊ စောဒန်နီယယ်၊ ဒေါက်တာ ဗညားအောင်မိုးနှင့် ဦးရွှေကြိမ်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက မြန်မာ့ရိုးရာခြင်းလုံးခတ်ကစားခြင်းက ပြည်သူလူထုအတွင်း တစ်နှစ်ထက်တစ်နှစ် စိမ့်ဝင်တိုးတက်လာစေပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအမွေအနှစ် တစ်ရပ်အဖြစ် ထိန်းသိမ်း မြှင့်တင်ရန်နှင့် မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရေးအတွက် ယခုကဲ့သို့ ပြိုင်ပွဲများကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ခြင်းလုံးခတ်ကစားခြင်းသည် မြန်မာ့ယဉ်ကျေးမှုကို အခြေခံသည့် ရိုးရာအားကစားနည်းဖြစ်ကြောင်း၊ ပြည်သူများလက်လှမ်းမီပြီး လွယ်ကူစွာကစားနိုင်သော အားကစားနည်းဖြစ်သည့်အပြင် ကျန်းမာရေးအတွက်များစွာ အထောက်အကူပြုကြောင်း၊ “အပေးအယူ ချစ်ကြည်ဖြူခြင်းမူ စာဂ မျှစိတ္တ”ဆိုသည့် ခြင်းလုံးအားကစား ဆောင်ပုဒ်အတိုင်း ခြင်းလုံးအားကစားနည်း သည် ခြင်းဝိုင်းအတွင်း ကစားသူအချင်းချင်း အပေးအယူမျှတသည့် စိတ်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ကြည်ဖြူသည့်စိတ်၊ တရားမျှတသည့်စိတ်များ မွေးမြူဖော်ဆောင်၍ ကစားရသည့် အားကစားနည်းတစ်ခုလည်းဖြစ်ကြောင်း၊ နိုင်ငံတကာ အားကစားပြိုင်ပွဲများတွင် မြန်မာ့ရိုးရာ ခြင်းလုံးအားကစားနည်း အောင်မြင်မှုရရှိစေရန်အတွက် အဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားသမားများအနေဖြင့် ဆတက်ထမ်းပိုး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ယခုပြိုင်ပွဲမှတစ်ဆင့် ချစ်ကြည်ပူးပေါင်းမှုရရှိကာ ပြည်ထောင်စုစိတ်ဓာတ် တိုးတက်မြင့်မားရေး၊ အမျိုးသားရေးစိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ ခြင်းလုံးအားကစား ပိုမို ရှင်သန် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ထူးချွန်သော ရိုးရာခြင်းလုံး အားကစားသမားများ ပေါ်ပေါက်လာစေရေးတို့အတွက် အစွမ်းကုန် ကြိုးပမ်းယှဉ်ပြိုင်သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အားကစားသမားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြပြီး ဝိုင်းဖွဲ့ခြင်းလုံးခတ်(အမျိုးသမီး) ပွဲစဉ်များအဖြစ် မကွေးတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအသင်း ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအသင်း ယှဉ်ပြိုင်ကစားနေမှုကိုလည်းကောင်း၊ မြန်မာနိုင်ငံရိုးရာခြင်းလုံးအဖွဲ့ချုပ်မှ သရုပ်ပြခြင်းလုံးခတ် ကစားနေမှုကိုလည်းကောင်း ကြည့်ရှုအားပေးကြသည်။
၂၀၂၂ ခုနှစ် တိုင်းဒေသကြီး နှင့်ပြည်နယ် ရိုးရာခြင်းလုံး ပြိုင်ပွဲကို ဇွန် ၁၀ ရက်မှ ၁၃ရက် အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားရုံ(B)၌ ကျင်းပသွားမည်ဖြစ်ပြီး ရိုးရာခြင်းလုံး အားကစားနည်းကို စိတ်ပါဝင်စားသည့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှုအားပေးနိုင်ကြောင်း သိရသည်။
သတင်းစဉ်