Skip to main content

ပိဋကသုံးပုံပါဠိတော်ကို ပါဠိ - ရိုမန် စိစစ်တည်းဖြတ်မှု အောင်မြင်ပြီးဆုံးခြင်းအထိမ်းအမှတ်နှင့် တက္ကသိုလ်လေးခုရှိ ဆရာတော်များအား ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇွန် ၁၀

ပိဋကသုံးပုံပါဠိတော်ကို ပါဠိ - ရိုမန် စိစစ်တည်းဖြတ်မှုအောင်မြင်ပြီးဆုံးခြင်း အထိမ်းအမှတ်နှင့် တက္ကသိုလ်လေးခုရှိ ဆရာတော်များကို ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာတက္ကသိုလ် (စစ်ကိုင်း) သီတဂူ သံဝေဇနိယဓမ္မဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိသောဠသမ ရွှေကျင်သာသနာပိုင် အဘိဓဇမဟာရဋ္ဌဂုရု အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရအမှူးပြုသော ဆရာတော်ကြီး ၁၈ ပါး ကြွရောက်တော်မူကြပြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးအေးထွန်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူ များ တက်ရောက်သည်။

ဦးစွာ သီတဂူဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တဉာဏိဿရထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။

ထို့နောက် သီတဂူဆရာတော်ကြီးက ဂုဏ်ပြုဩဝါဒကထာ ချီးမြှင့်ရာတွင် မြန်မာနိုင်ငံ၌ ထေရဝါဒဗုဒ္ဓဘာသာ ငါးနိုင်ငံမှ သံဃာတော်များဖြင့် စုပေါင်းကျင်းပခဲ့သော ဆဋ္ဌသင်္ဂါယနာတင် ပါဠိတော်များကို ပြည်ပနိုင်ငံများမှ ပုဂ္ဂိုလ်များ ဖတ်ရှုနိုင်ရေး ရိုမန်အက္ခရာဖြင့် မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီးတွင် ကျောက်စာချပ်များအဖြစ်ရေးထိုးနိုင်ရန် သာသနာ့တက္ကသိုလ်ကြီး လေးခုမှ သံဃာတော်များက စိစစ်တည်းဖြတ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း၊ မိမိတို့ သီတဂူ အပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်များမှသံဃာတော်များသည် တာဝန်ကျသောကျမ်းစာများကို ခုနစ်ကြိမ်တိုင်တိုင် စိစစ်တည်းဖြတ် ခဲ့ကြပါကြောင်း၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် တာဝန်ကြီး ၄ ရပ်ဖြစ်သော Preservation of Buddha’s Teaching, Promotion of Bu-ddha’s Teaching, Propagation of Buddha’s Teaching နှင့် Protection of Buddha’s Tea-ching ဟူ၍ လုပ်ငန်းရပ်ကြီး ၄ ခုဖြင့် အားသွန်ကြိုးပမ်း ဆောင်ရွက် သွားကြစေလိုပါကြောင်း၊ ဆက်လက်၍ သာသနာတော် အရှည်တည်တံ့ ထွန်းကားပြန့်ပွားရန်နှင့် ကာကွယ်နိုင်ရန်အတွက် အာသောကမင်းကြီး၏ သာသနာပြုစိတ်ဓာတ်ကို ကိုယ်စားပြုသောအားဖြင့် အာသောကကျောက်တိုင်ကြီးတွင် ထည့်သွင်းထွင်းထုထားသည့် ဆင်ရုပ်ကဲ့သို့ အများအကျိုး ဆောင်ရွက်ရာတွင် အင်အားဖြင့် ဆောင်ရွက်ရန်၊ မြင်းရုပ်ကဲ့သို့ လျင်မြန်ဖျတ်လတ် စွာဆောင်ရွက်ရန်၊ နွားရုပ်ကဲ့သို့ သည်းခံ၍ အလုပ်လုပ်ရန်နှင့် ခြင်္သေ့ရုပ်များကဲ့သို့ သတ္တိရှိစွာဖြင့် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း မိန့်ကြားသည်။ ထို့နောက် ပိဋကသုံးပုံပါဠိ တော်ကို ပါဠိ-ရိုမန် နှစ်ဘာသာဖြင့် ကျောက်စာရေးထိုးရာတွင် ဆဋ္ဌသင်္ဂါယနာမူနှင့် ကိုက်ညီစေရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ဝမ်းမြောက်စကား လျှောက်ထားရာတွင် ပိဋကသုံးပုံပါဠိတော်ကို ပါဠိ - ရိုမန် နှစ်ဘာသာဖြင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်း ကျောက်ထက်အက္ခရာတင်နိုင်ရေးအတွက် ဝန်ကြီးဌာနအနေဖြင့် စိစစ်တည်းဖြတ်နိုင်ရေး သီတဂူဆရာတော်ကြီးထံ ဩဝါခံယူ၍ သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ တက္ကသိုလ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြု တက္ကသိုလ်၊ နိုင်ငံတော်ပရိယတ္တိ သာသနာ့တက္ကသိုလ်(ရန်ကုန်)နှင့် (မန္တလေး)တို့မှ ဆရာတော်များပါဝင်သည့် အဖွဲ့လေးဖွဲ့ကိုဖွဲ့စည်းပြီး စိစစ်တည်းဖြတ်ခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၈ ရက်မှ စတင်ကာ မေ ၁၆ ရက်တွင် မျှော်မှန်းသည်ထက်စော၍ ပြီးစီးခဲ့ပါကြောင်း၊ ပိဋကသုံးပုံပါဠိတော်ကို ပါဠိ-ရိုမန် စိစစ်တည်းဖြတ်မှုလုပ်ငန်းများကို မူလတာဝန်များအပြင် စိတ်အားထက်သန်စွာဖြင့် ဆောင်ရွက်တော်မူကြသော သီတဂူဆရာတော်ကြီးအမှူးပြုသည့် နာယကဆရာတော်ကြီးများ၊ တက္ကသိုလ်လေးခုရှိ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ မော်ကွန်းထိန်း၊ ဌာနမှူး၊ ကထိက၊ လက်ထောက်ကထိက ဆရာတော်များအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကိုယ်စား သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက အထူးပင်ကျေးဇူးတင်ရှိကြောင်း လျှောက်ထားသည်။

ယင်းနောက် အခမ်းအနားသို့ ကြွရောက်တော်မူလာသော ဆရာတော်ကြီးများနှင့် စိစစ်တည်းဖြတ်ရေးအဖွဲ့လေးဖွဲ့မှ ဆရာတော်ကြီးများထံ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး (အပေါ်ပုံ) သီတဂူဆရာတော်ကြီးထံမှ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှပေးဝေကာအခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

သတင်းစဉ်