၁။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များနှင့်ငွေရေးကြေးရေးအဖွဲ့အစည်းများကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥပဒေပုဒ်မ ၄၀ နှင့် ၇၉ ၊ ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၅၊ ၁၂၉ နှင့် ၁၃၀၊ မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှုဆိုင်ရာစည်းမျဉ်း၊ မိုဘိုင်းဘဏ်လုပ်ငန်းဆိုင်ရာ ညွှန်ကြားချက်၊ အီလက်ထရောနစ်ကတ်ဖြင့် ပေးချေမှုဆိုင်ရာညွှန်ကြားချက်တို့နှင့်အညီ လုံခြုမှုနှင့်ထိရောက်သော ငွေပေးချေမှုများအားဆောင်ရွက်နိုင်ရန် မိုဘိုင်းဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ်(၁၈)ဘဏ်၊ အင်တာနက်ဘဏ်လုပ်ငန်းဆောင်ရွက်ရန် ဘဏ်(၁၀)ဘဏ်၊ မိုဘိုင်းငွေပေးချေမှု (Mobile Pay) ဆောင်ရွက်ရန် ဘဏ်(၈)ဘဏ်၊ မိုဘိုင်းငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် အဖွဲ့အစည်း (၅) ခု ၊ Transportation Card နှင့် Shopping Card စသည့် ကတ်ပေးချေမှုလုပ်ငန်းများဆောင်ရွက်ရန် အဖွဲ့အစည်း (၇) ခုနှင့် ရောင်းချသူကိုယ်စား ငွေကောက်ခံရှင်းလင်းသည့် ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်ရန် ကုမ္ပဏီ(၄)ခုကို ခွင့်ပြုထားပြီး ကြီးကြပ်ထိန်းကျောင်းပေးလျက်ရှိပါသည်။
၂။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုထားသောဘဏ်၊ ငွေရေးကြေးရေးအဖွဲ့အစည်းများနှင့် ကုမ္ပဏီများ၏ စာရင်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ တရားဝင် Website ဖြစ်သော www.cbm.gov.mm တွင် ဖော်ပြထားပါသည်။
၃။ ယခုအခါ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် Mobile Pay /Mobile Wallet နှင့် ငွေပေးချေမှုဝန်ဆောင်မှုပေးသည့် လုပ်ငန်းများမှတစ်ဆင့် သုံးစွဲသူများအချင်းချင်းငွေလွှဲပြောင်းခြင်း၊ ကုန်စည်ဝယ်ယူခြင်းများဆောင်ရွက်နိုင်ကြောင်း Social Media Platform များတွင် ကြေညာနေသည်ကို တွေ့ရှိရပါသည်။ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် Mobile Pay /Mobile Wallet နှင့် ငွေပေးချေမှုဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအသုံးပြုခြင်းသည် စနစ်တကျ ကြီးကြပ်ကွပ်ကဲမှုအောက်တွင်မရှိသဖြင့် ပြည်သူများအနေဖြင့် ဆုံးရှံးမှုများစွာ ဖြစ်ပေါ်နိုင်ပါကြောင်းနှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုချက်မရရှိထားဘဲ ဆောင်ရွက်နေသည်ကို တွေ့ရှိရပါက ငွေရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၇၂ အရ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(၁၀-၆-၂၀၂၂)