နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့၏ (၁၅) ကြိမ်မြောက် သတင်းစာရှင်းလင်းပွဲကို ၂၀၂၂ ခုနှစ်၊ ဇွန် ၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဌာနဆိုင်ရာများမှ ပြောရေးဆိုခွင့်ရှိသူများနှင့် ဌာနဆိုင်ရာသတင်းထုတ်ပြန်ရေးအဖွဲ့ ကိုယ်စားလှယ်များက သတင်းမီဒီယာများ၏ သိရှိလိုသည့်မေးမြန်းမှုများကို ပြန်လည်ဖြေကြားကြသည်။
(ယမန်နေ့မှ အဆက်)
ဆက်လက်၍ တဲ့ပြောသတင်းဌာနမှ အယ်ဒီတာချုပ်ဦးဇော်မင်းဦးက အဆိုပါယာဉ်များ မြေစိုက်ဘဝရောက်နေသည်မှာ သုံးနှစ်၊ လေးနှစ်ရှိပြီဖြစ်ကြောင်း၊ အမှုမှာတစ်လတစ်ကြိမ် အမှုပြီးပြတ်ကြောင်း၊ တရားရုံးမှ အမှုပြီးပြတ်သွားပြီး မော်တော်ယာဉ်စီးရေမည်မျှ၊ ဆိုင်ကယ်အစီးအရေမည်မျှ စသည်တို့ကို လေလံပစ်နိုင်လျှင်ပစ်ပြီး နိုင်ငံတော်တည်ဆောက်ရေးတွင် အသုံးပြုနိုင်ကြောင်း၊ လက်ရှိကရင်ပြည်နယ်တွင် လုပ်ထားသည်များရှိကြောင်း၊ ဦးစီးအရာရှိများကို မပေးနိုင်သေးသော်လည်း ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ် ကျောင်းအုပ်ကြီးများကို ထုတ်ပေးထားကြောင်း၊ ထိုသို့လုပ်ခြင်းအားဖြင့် မော်တော်ယာဉ်များ ဆွေမြည့်ပြီးမြေစိုက်ဘဝရောက်မည် မဟုတ်ကြောင်း၊ ထို့ကြောင့် မိမိပြောသည့် အစီအစဉ်မျိုး ဆောင်ရွက်ပေးရန် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
ဗိုလ်ချုပ်ဇော်မင်းထွန်းက သက်ဆိုင်ရာဝန်ကြီးဌာနများကို သတင်းပေးပို့ပေးမည်ဖြစ်ကြောင်း ဖြေကြားသည်။
လူထုရင်ဖွင့်သံသတင်းဌာနမှ အယ်ဒီတာဒေါ်ခိုင်စပယ်ဦးက လျှပ်စစ်မီးကိစ္စနှင့် ပတ်သက်ပြီး ပြည်သူများ၏ အသံကိုလာပြီးတင်ပြခြင်း ဖြစ်ကြောင်း၊ တာဝန်ရှိသူများဖြေကြားသည်ကို ပြည်သူများကြားနိုင်ရန်အတွက် ရည်ရွယ်၍မေးခြင်းဖြစ်ကြောင်း၊ လျှပ်စစ်မီးပေးဝေခြင်းနှင့် ပတ်သက် ပြီး ၃ နာရီလာ ၃ နာရီပျက် ၅၀ ရာခိုင်နှုန်း မီးရရှိသည့်စနစ်ကို မည်သည့်အတွက်ကြောင့် ပြုလုပ်ခဲ့ရသနည်း၊ ထိုသို့ပြုလုပ်ခြင်းအားဖြင့် နိုင်ငံတော်အတွက် စွမ်းအင်မည်မျှသက်သာပြီး ဓာတ်အား ထုတ်လုပ်မှုကုန်ကျစရိတ် မည်မျှလျော့ကျသွားသည်ကို အများပြည်သူ သိရှိနားလည်အောင် ဖြေကြားပေးစေလိုကြောင်း၊ နောက်တစ်ချက်က ပေးဝေမှုအပိုင်းတွင် လေးနာရီလာလျှင် လေးနာရီပျက်စနစ်တွင် လေးနာရီကိုအောက်ခြေဓာတ်အား ခွဲရုံက ပျက်ချိန်ဆိုပြီး ပိတ်လိုက်ကြောင်း၊ နောက်ထပ်လေးနာရီလာရမည့်အချိန်၌ အထက်ကပိတ်ထားကြောင်း၊ ဓာတ်အားခွဲရုံမှာ မီးမရှိဟုဆိုပြီး ထပ်ပိတ်သွားကြောင်း၊ နောက်ထပ်လေးနာရီကို ဓာတ်အားခွဲရုံက ပျက်ချိန်ဖြစ်သည့်အတွက် ပြန်ပိတ်လိုက်ကြောင်း၊ ထိုသို့ဖြစ်ခြင်းကို ပြည်သူများက လာချိန်လည်း ပျက်/ ပျက် ချိန်လည်း ပျက်သည် ဟူ၍ ပြောနေကြကြောင်း၊ ထိုအခြေအနေများကိုမည်သို့ ပြေလည်အောင် ဖြေရှင်းပေးနိုင်၊ မပေးနိုင်သိလိုကြောင်း၊ ယခုကဲ့သို့ အချိန်ပိုင်းပေးမည့်စနစ်က မည်မျှကြာမြင့်မည်ကို သိလိုကြောင်း မေးမြန်းသည်။
လျှပ်စစ်ဓာတ်အား လိုင်းသုံးစွဲမှု
ဗိုလ်ချုပ်ဇော်မင်းထွန်းက လျှပ်စစ်ဓာတ်အားလိုင်း သုံးစွဲမှုနှင့်ပတ်သက်ပြီး မဂ္ဂါဝပ် ၃၈၀၀ ရှိကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုက မဂ္ဂါဝပ် ၂၉၀၀ သာရှိသည့်အတွက် ၉၀၀ မဂ္ဂါဝပ် လျော့နည်းနေကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး လျှပ်စစ်ဓာတ်အားလိုင်း ဖောက်ခွဲခံခဲ့ရသည့် အတွက် အခက်အခဲများရှိခဲ့ကြောင်း၊ LPG ဓာတ်ငွေ့ မြင့်တက်မှုကြောင့် အခက်အခဲရှိခဲ့ခြင်း၊ ယခင် သတင်းစာရှင်းလင်းပွဲတွင်လည်း ရှင်းပြပြီးဖြစ် ကြောင်း၊ အကြမ်းအားဖြင့် ၃၈၀၀ မဂ္ဂါဝပ်ရှိသော် လည်း ၂၉၀၀ မဂ္ဂါဝပ်သာ ထုတ်လုပ်နိုင်သောကြောင့် ထိုအခက်အခဲများရှိကြောင်း၊ ထိုနေရာမျိုးတွင် ရေအား လျှပ်စစ် ထုတ်လုပ်မှုကလည်း လျော့နည်းသွားသည့် အတွက် ယခုပိုပြီး လျော့နည်းပြီး ဆောင်ရွက်သွားနိုင်သည့် အခြေအနေမျိုးတွင်ရှိကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်ပြီး ဆောင်ရွက်နေသည့်လုပ်ငန်းများကို လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဖြေကြားပေးရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ ဓာတ်အားလိုအပ်ချက်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန် ကြိုးပမ်း ဆောင်ရွက်နေကြောင်း၊ ပထမဦးဆုံး ပြောလိုကြောင်း၊ ယခုနှစ်ဆိုလျှင် ဗိုလ်ချုပ်ပြောသွားသကဲ့သို့ မီးသုံးစွဲသူပမာဏက ၃၈၀၀ မဂ္ဂါဝပ်ရှိပြီး အမှန်တကယ် စွမ်းအင်ထုတ်လုပ်နိုင်သည်မှာ မဂ္ဂါဝပ် ၂၉၀၀ ခန့်သာရှိပြီး ၉၀၀ ခန့်လျော့နည်းနေကြောင်း၊ လိုအပ်ချက်ကိုတစ်ပြိုင်တည်း ထုတ်လုပ်မည်ဆိုလျှင်လည်း လာမည့်နှစ်များတွင် စွမ်းအင်အရင်းအမြစ် ဖြစ်သည့်ရေအား၊ သက်ဆိုင်သည့် အခြားစွမ်းအင်ကဏ္ဍများကို တစ်နှစ်ပတ်လုံးသုံးစွဲ၍ရရန် ချိန်ညှိပြီး ထုတ်လုပ်ရသည့် အနေအထားများရှိကြောင်း၊ နောက်တစ်ချက်သည် ဓာတ်အားထုတ်လုပ်မှု ဈေးနှုန်းများ မမြင့်မားစေရန် နိုင်ငံပိုင်စက်ရုံများနှင့် IBP စက်ရုံများကို ဈေးကြီးသည့် ဓာတ်အားပမာဏနှင့် ဈေးနည်းသည့် ဓာတ်အားပမာဏချိန်ညှိ၍ ထုတ်လုပ်ရသည့် အနေအထားရှိကြောင်း၊ သို့သော်လည်း ယခုလ ၂၃ ရက်နေ့နောက်ပိုင်းမှစပြီး အရေးကြီးသည့် နေရာများကို ညနေ ၅ နာရီမှ နံနက် ၈ နာရီအထိ မီးမဖြတ်ဘဲ ဓာတ်အားပေးထားကြောင်း၊ အများပြည်သူကိုလည်း တိုးတက်ပြီးပေးနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လျော့နည်းနေသည့် မဂ္ဂါဝပ် ၉၀၀ ကိုလည်း ဖြည့်ဆည်းနိုင်ရန် နေရောင်ခြည်အရင်းအမြစ်၊ ရေအားအရင်းအမြစ်များမှ တိုးတက်ထုတ်လုပ်နိုင်စေရန် စီမံဆောင်ရွက်လျက်ရှိကြောင်း၊ ပျက်စီးသွားသည့် တာဝါတိုင်များသည် စက်ရုံများမှထုတ်သည့် ဓာတ်အားကွန်ရက် ကြီးများကို ထည့်သည့်လိုင်းများဖြစ်သည့်အတွက် လျော့နည်းမှုများအား Recover ဖြစ်ရန် အမြန်ဆုံးပြုပြင်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း ဖြည့်စွက်ဖြေကြားသည်။
လူထုရင်ဖွင့်သံသတင်းဌာနမှ အယ်ဒီတာ ဒေါ်ခိုင်စပယ်ဦးက လာချိန်လည်းပျက်၊ ပျက်ချိန်လည်း ပျက်ဆိုပြီး အောက်ကပိတ်လိုက်၊ အပေါ်က ပိတ်လိုက်ဖြစ်နေသည့်ကိစ္စကို မည်ကဲ့သို့ညှိနှိုင်း ပေးမည်ကို သိလိုကြောင်း မေးမြန်းသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက လာချင်လည်းလာ၊ ပျက်ချင်လည်းပျက် ဆိုသည့်မှာ လက်ရှိစီမံကွပ်ကဲ နေရသည့်အနေ အထားတွင်မရှိကြောင်း၊ အောက်ခြေကို သေချာ စုံစမ်းကြည့်ပြီး ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် ပြည်သူလူထုကို ဓာတ်အားတိုးတက်ရရှိစေရန် တတ်နိုင်သမျှ စီစဉ်ဆောင်ရွက်နေကြောင်း ပြန်လည်ဖြေကြားသည်။
ရွှေတြိဂံသတင်းလွှာဂျာနယ်မှ CEO ဦးထွန်းထွန်းဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရလက်ထက် ပထမဦးဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် EAOs များ တက်ရောက် လက်မှတ်ထိုးခြင်းများကိုတွေ့ရကြောင်း၊ နယ်ပယ်အသီးသီးကလည်း ယေဘုယျအားဖြင့် အထိုက်အလျောက်အောင်မြင်သည်ဟု ဝေဖန်သုံးသပ်ခြင်းများကို တွေ့ရကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ငြိမ်းချမ်းရေးရရှိရန် ကျန်ရှိနေသေးသည့် EAOs များကိုလည်း ထပ်မံဖိတ်ခေါ်၍ ဆွေးနွေးရန် အစီအစဉ်ရှိ/မရှိ သိလိုကြောင်း၊ ဗိုလ်ချုပ်ရှင်းလင်းပြောကြားသွားသည့် အထဲတွင် “ဖိတ်ကြားသည့်အတိုင်း လာမည်ဆိုပါက Welcome ပါ” ဟူ၍ လေးကြိမ်ထက်မနည်း ပြောကြားခဲ့ကြောင်း၊ ၂၁ ရာစု ပင်လုံညီလာခံ အတွေ့အကြုံကို ပြောရလျှင် အစိုးရအနေဖြင့် အိမ်နီးချင်းနိုင်ငံများ၏ အကူအညီကိုယူကြကြောင်း၊ ဥပမာ - မြောက်ပိုင်း မဟာမိတ်အဖွဲ့များ ပင်လုံညီလာခံတက်ရန် တရုတ်မှ အထူးလေယာဉ်ဖြင့် လာရောက်ခဲ့ကြကြောင်း၊ အိမ်နီးချင်းနိုင်ငံများ၏ အကူအညီကိုရယူပြီးချဉ်းကပ်၍ ဒုတိယ၊ တတိယအကြိမ် ထပ်မံဖိတ်ခေါ်ရန် စီစဉ်ထားခြင်းရှိ/မရှိကို သိလိုကြောင်း၊ နောက်မေးခွန်းတစ်ခုအနေဖြင့် အာဆီယံအထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့လာရန်ရှိကြောင်း၊ ယခင်ကိုယ်စားလှယ်များလာစဉ် ဒေါ်အောင်ဆန်း စုကြည်နှင့်တွေ့ရန် ကြိုးစားခဲ့ရာ အမှုများမပြီးပြတ်သေး၍ တွေ့ရန်ခွင့်မပြုကြောင်း၊ မကြာမီလာမည့် အာဆီယံအထူးကိုယ်စားလှယ်ကိုလည်း အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးမည့် အစီအစဉ် ရှိ/မရှိ မေးမြန်းသည်။
ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး
ဗိုလ်ချုပ်ဇော်မင်းထွန်းက EAOs များနှင့် ပတ်သက်၍ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို မိမိတို့အနေဖြင့် ၂၀၂၂ ခုနှစ်အကုန်အထိ တစ်နှစ်တာကာလ သတ်မှတ်ထားကြောင်း၊ ကြေညာချက်ထဲ တွင်လည်းပါပြီးဖြစ်ကြောင်း၊ ၂၀၂၂ ခုနှစ် ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်ဆန်၏ ခရီးစဉ်အပြီးတွင် ထုတ်ပြန်ပေးခဲ့ကြောင်း၊ မိမိတို့အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ထိုထုတ်ပေးလိုက်သည့်အထဲတွင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲသည်နှင့်် ဆွေးနွေးညှိနှိုင်းမှုများကို လုပ်ဆောင်သွားရန်ဆိုသည့် တိုက်တွန်းချက်ပါပြီးဖြစ်ကြောင်း၊ ယခုမှထူးပြီး ဖိတ်ခေါ်ခြင်းမဟုတ်ကြောင်း၊ နှစ်ပတ်လည် ဖိတ်ခေါ်ထားခြင်းဖြစ်ကြောင်း၊ ထိုသို့ဖိတ်ခေါ်ထားသည့်အတိုင်းလာလျှင် မိမိတို့က ကြိုဆိုပါကြောင်း၊ နောက်ထပ်တစ်ခုမှာ အိမ်နီးချင်းအကူအညီဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ အခက်အခဲမှာ နှစ်မျိုးရှိကြောင်း၊ Internal Factor မှာ မသိချင်ယောင်ဆောင်ခြင်းနှင့် မကြားချင်ယောင်ဆောင်ခြင်းဖြစ်ကြောင်း၊ External Factor တွင် သတင်းထောက်ကြီးပြောနေသည့် ပြည်ပနိုင်ငံများဆိုသည့် အသုံးအနှုန်းပါကြောင်း၊ အဖွဲ့အစည်းများဆိုသည့် အသုံးအနှုန်းပါကြောင်း၊ External Factor မှာ မည်သည့်အခက်အခဲရှိလည်းဆိုလျှင် တချို့သောပြင်ပ အဖွဲ့အစည်းများသည် ရိုးရိုးတန်းတန်းပြောရလျှင် အသိအမှတ်မပြုခြင်းဆိုသည့် ပုံစံမျိုးဖြစ်ကြောင်း၊ အသိအမှတ်မပြုခြင်းဆိုသည်မှာ ငြိမ်းချမ်းရေးလုပ်ငန်းကို လက်ရှိအစိုးရအနေဖြင့် ဆောင်ရွက်နေသည့်အချိန်တွင် ၎င်းတို့အနေနှင့် လာရောက် ကူညီလိုက်မည်ဆိုလျှင်အလိုအလျောက် ထောက်ခံ ပြီးသားဖြစ်မည်လားဆိုသည့် အကြောင်းအရာမျိုး External Factor မှာ မိမိတို့ကြုံတွေ့ရပါကြောင်း၊ ထိုအကြောင်းအရာသည် ရိုးရိုးတန်းတန်းကြုံ တွေ့ခဲ့ရခြင်းသာ ဖြစ်ကြောင်း။
တမင်သက်သက် ဆွနေ
အချို့ကြုံတွေ့ရသည်မှာ အကြမ်းဖက်ဆူပူမှုများဖြစ်ရန် တမင်သက်သက် ဆွနေခြင်းဖြစ်ကြောင်း၊ ဥပမာ ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့လုပ်ဆောင်နေသည်ကို သတင်းထောက်ကြီးတို့ တွေ့ရမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်နေချိန်တွင် မြန်မာပြည်သူလူထုအတွက်ဟု ပြည်သူလူထုဆိုသည့် နာမည်ခံပြီး ထိုအကြမ်းဖက် PDF များကို ထောက်ပံ့ပေးကြောင်း၊ မြန်မာပြည်သူလူထုအတွက်ဟူ၍ နာမည်ခံပြီး ပြည်ပမှာရှိနေသည့်ကိစ္စများကနေ အလှူငွေများ ကောက်ခံပေးပို့ခြင်း၊ ဒေါ်လာမည်မျှ ထောက်ပံ့မည်ဆိုပြီးပေးပို့ခြင်း၊ မည်မျှကူညီမည်ဆိုပြီး ပေးပို့ခြင်းဆိုပြီး ထောက်ပံ့မှုများမှာ ကျောင်းများကိုမိုင်းခွဲသူများ၊ ဆရာ ဆရာမများကို သတ်သည့်သူများ၊ ကျောင်းသားများကို ကျောင်းမနေနိုင်အောင်လုပ်သည့်သူများ၊ ပြဋ္ဌာန်းစာအုပ်ကို မီးရှို့၊ လုယက်နေသည့်သူများထံသို့ ရောက်နေကြောင်း၊ ထိုကဲ့သို့၎င်းတို့က ထောက်ပံ့ပေးနေသည့်အတွက်ကြောင့် တချို့သော EAO ခေါင်းဆောင်များအထိ မဟုတ်ဘဲ EAO တပ်ရင်း၊ တပ်ဖွဲ့အဆင့်လောက်အထိ ကိုသာငွေပေး၍ လုပ်နေသည်များရှိကြောင်း၊ ထိုကိစ္စများသည်လည်း External Factor ပင်ဖြစ်ကြောင်း၊ သို့သော် ယခုဝင်လာသည့်အဖွဲ့ ၁၀ ဖွဲ့နှင့် မိမိတို့ဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို ၁၀ ဖွဲ့သည် နိုင်ငံတော်နှင့် ၎င်းတို့၏တိုင်းရင်းသားပြည်သူ့ အကျိုး၊ ပြည်ထောင်စုအကျိုးကို ကြည့်သည့်သူများဖြစ်၍ ဆွေးနွေးကြခြင်းဖြစ်ကြောင်း၊ ထိုအဖွဲ့အစည်းများ၊ ထိုလူများသည်လည်း မိမိပြောခဲ့သည့် External Factor၊ Internal Factor များက ဆွဲဆောင်စည်းရုံးမှုမျိုးစုံ ပြုလုပ်ခြင်းများ ခံခဲ့ရပါကြောင်း၊ သို့သော် ၎င်းတို့အနေနှင့် တကယ့်ကို ပြည်ထောင်စုအကျိုးနှင့် ၎င်းတို့၏တိုင်းရင်းသား လူမျိုး၏အကျိုးကို ကြည့်သောကြောင့် လာရောက်ခြင်း ဖြစ်ကြောင်း။
ထို့ကြောင့် မိမိတို့အနေဖြင့် အိမ်နီးချင်းနိုင်ငံများ နှင့်ပတ်သက်၍ ဆက်ဆံရေးကို မိမိတို့အထူးအလေး ထားပါကြောင်း၊ ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံလျက်ရှိကြောင်း၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကျိုးကို လိုလားသည့် မည်သည့်နိုင်ငံ၏ စစ်မှန်သည့် လုပ်ဆောင်ချက်ကိုမဆို မိမိတို့ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း၊ အာဆီယံအထူး ကိုယ်စားလှယ် ကိစ္စနှင့်ပတ်သက်၍ မိမိတို့အနေနှင့် ယခင်ရပ်တည် ချက်အတိုင်းသာဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတစ်နိုင်ငံတည်း ထူးဆန်းပြီးလုပ်နေခြင်း မဟုတ်ကြောင်း၊ မည်သည့်နိုင်ငံကမှ အမှုရင်ဆိုင်နေဆဲသူများနှင့် တွေ့ဆုံခွင့်ပေးခဲ့သည်ကို မိမိလည်းမမြင်ဖူးပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံကို ပြောနေသည့် အာဆီယံနိုင်ငံများမှ တချို့နိုင်ငံများကို မိမိထောက်ပြရမည်ဆိုလျှင် ထိုနိုင်ငံများတွင်လည်း နိုင်ငံရေးအမှု၊ အဂတိအမှုများနှင့် တရားစွဲဆိုခံရသည့်၊ ထောင်ချခံရသည့်၊ အမှုအရအရေးယူခံရသည့် နိုင်ငံခေါင်းဆောင်များရှိကြောင်း၊ နိုင်ငံထဲမှ ထွက်ပြေးသွားသည့် ခေါင်းဆောင်များရှိကြောင်း၊ ထိုနိုင်ငံများမှာ ၎င်းတို့ကို အရေးယူသည့်အခါတွင် မည်သူ့ကို တွေ့ခွင့်ပေးခဲ့သလဲဟု မိမိမေးလိုကြောင်း၊ တွေ့ခွင့်ပေးခဲ့သည့် အထောက်အထား ရှိခဲ့လျှင် မိမိကိုပြောပါ၊ ပြပါဟု မိမိပြောလိုကြောင်း ပြန်လည်ဖြေကြားသည်။
ဆက်လက်ပြီး ရွှေတြိဂံသတင်းလွှာဂျာနယ်မှ CEO ဦးထွန်းထွန်းဝင်းက ယခုအစိုးရလက်ထက် တစ်နှစ်ကျော်ကာလအတွင်း ယခင် NLD အစိုးရ၏ အကျင့်ပျက်ခြစားမှု၊ အဂတိလိုက်စားမှုများကို အဂတိလိုက်စားမှုကော်မရှင်က တရားစွဲဆိုနေသည် ကိုတွေ့ရကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ ကြိုဆိုသည့်အဖွဲ့များရှိသကဲ့သို့ အတိုက်အခံအဖွဲ့များကလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကို နိုင်ငံရေးအရခုတုံးလုပ်၍ တရားစွဲနေသည်ဆိုသည့်ပုံစံမျိုးများ ပြောနေသည်များကိုလည်း မိမိတို့တွေ့ရကြောင်း၊ အဂတိလိုက်စားမှု ဆိုသည်မှာ အစိုးရအဆက်ဆက် မည်သည့်နေရာတွင် မဆိုရှိနေမည်ဖြစ်ကြောင်း၊ လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင်လည်း အဂတိလိုက်စားမှုများရှိနေကြောင်း၊ ဥပမာ ဆောက်လုပ်ရေးတင်ဒါလောကတွင် ဝန်ထမ်းအကြီးအကဲများကိုယ်တိုင် အဂတိလိုက်စားနေသည်များ မိမိတို့တွေ့နေရကြောင်း၊ ထို့ကြောင့် နစ်နာသည့် ပြည်သူများက တိုင်ကြားလျှင်သော် လည်းကောင်း၊ မိမိတို့သတင်းမီဒီယာများက စုံစမ်းဖော်ထုတ်ရေးသား၍သော်လည်းကောင်း ထိုအခြေအနေမျိုးတွင် အဂတိတိုက်ဖျက်မှုကော်မရှင်က သော်လည်းကောင်း၊ အစိုးရကသော်လည်းကောင်း တရားစွဲဆိုအရေးယူရန် ရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။
အဂတိလိုက်စားမှု တိုက်ဖျက်ရေး
ဗိုလ်ချုပ်ဇော်မင်းထွန်းက အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် မည်သည့်အစိုးရ တက်တက် လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများ ရှိပြီးဖြစ်ပါကြောင်း၊ ကော်မတီများ၊ ကော်မရှင်များတွင် ၎င်းတို့လိုက်နာရမည့် စည်းမျဉ်း၊ စည်းကမ်းများရှိပြီးဖြစ်ကြောင်း၊ မချိုးဖောက်ခဲ့ဘူးဆိုလျှင် မည်သည့်အစိုးရအဖွဲ့အစည်းဖြစ်စေ၊ ပုဂ္ဂလိကအဖွဲ့အစည်းဖြစ်စေ အရေးယူစရာအကြောင်းမရှိပါကြောင်း၊ ထို့ကြောင့် NLD လက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် ဝန်ကြီးများ၊ ဒုဝန်ကြီးများ အများကြီးရှိကြောင်း၊ အရေးယူခံရသည့် ဝန်ကြီးအရေအတွက်၊ ဒုဝန်ကြီးအရေအတွက်နှင့်မည်သည့် အသံမျှမကြားရသည့် ဝန်ကြီးအရေအတွက်၊ ဒုဝန်ကြီးအရေအတွက် သတင်းထောက်ကြီး ကိုယ်တိုင်မည်မျှရှိသည်ကို နှိုင်းယှဉ်ကြည့်စေလိုကြောင်း၊ သေချာသည်မှာ မည်သည့်အရာမျှ လုပ်ခဲ့သည့်သူကို မည်သည့်အရာကမှ အရေးယူ၍မရပါကြောင်း၊ လူတစ်ယောက်သည် အပြစ်မရှိဘဲ အရေးယူခံသည်ဆိုသည်မှာ တော်တော်လေးကို ခဲယဉ်းပါကြောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကလည်း မည်သည့်အစိုးရ၊ မည်သည့်အဖွဲ့အစည်းကိုမျှ ၎င်းကလုပ်မည်မဟုတ်ပါ ကြောင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည်လည်း ၎င်းကို တိုင်ကြားလာသည့် လုပ်ငန်းမှန်သမျှ၊ စစ်ဆေးလာသည့် လုပ်ငန်းမှန်သမျှကို အရေးယူဆောင်ရွက်နေသည်များ ရှိကြောင်း၊ ယခုအချိန်တွင်လည်း တိုင်ကြားနေသည်များလည်းရှိကြောင်း၊ မိမိတို့အရေးယူဆောင်ရွက်နေပါကြောင်း။
အချို့ကိစ္စများတွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကိုယ်တိုင်က လုပ်နေသည် များရှိပါကြောင်း၊ ဥပမာရန်ကုန်၌ဖြစ်ခဲ့သည့်ကိစ္စမျိုးဆိုလျှင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ယခုအချိန်အထိ စစ်ဆေးနေဆဲဖြစ်ပါကြောင်း၊ အရေးယူရန်အတွက်လည်း စတင်ဆောင်ရွက်နေပြီး ဖြစ်ကြောင်း၊ ထိုကိစ္စနှင့်ပတ်သက်၍ မီဒီယာများက ရေးမည်ဆိုလျှင်လည်း ကျော်စောမှုသတင်းအနေနှင့်သာ ယူဆမည်ဖြစ်ပါကြောင်း၊ အထောက်အထားနှင့် တိုင်လာမည်ဆိုလျှင် မိမိတို့အရေးယူရ မည်ဖြစ်ပါကြောင်း၊ သတင်းရေးရုံနှင့် ကျော်စောမှု သတင်းသာ ဖြစ်လိမ့်မည်ဖြစ်ကြောင်း၊ ကျော်စောမှုရှိတိုင်းလည်း မိမိတို့က လက်တွေ့တရားဥပဒေအရ အရေးယူ၍မရပါကြောင်း၊ ကျော်စောမှုရှိရုံနှင့် စုံစမ်းခံရသည့် အခြေအနေလောက်သာ ဖြစ်မည်ဖြစ်ကြောင်း၊ မီဒီယာများက ထုတ်ဖော်ရေးသားတိုင်းလည်း တရားဥပဒေအရ သက်သေခံမှာ အကျုံးမဝင် ပါကြောင်း၊ သို့သော် ကျော်စောမှုတော့ရှိမည် ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။
နောက်တစ်ခုမှာ ယခုနောက်ဆုံးရောက်ရှိလာသည့် သတင်းဖြစ်ကြောင်း၊ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် အနော်ရထားလမ်း (၃၅) ကားလမ်းမှတ်တိုင်၌ ဗုံးပေါက်ကွဲမှုဖြစ်ပြီး တစ်ဦးသေဆုံးကာကိုးဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ တော်တော်လေးဆိုးကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး ယနေ့တွင် ဗုံးဖောက်ခွဲသူကို ဖော်ထုတ်ရရှိပြီးဖြစ်ကြောင်း၊ ဖြစ်စဉ်တွင် သေဆုံးသူနှင့်ပတ်သက်ပြီး အမည်မသိ အသက် ၃၂ နှစ်ခန့် သေဆုံးသည်ဟူ၍ ထုတ်ပြန်ခဲ့ကြောင်း၊ ထိုသူကားမှတ်တိုင်သို့ ဝင်လာသည့် မှတ်တမ်းဓာတ်ပုံများ ပေးလိုက်မည်ဖြစ်ပါကြောင်း၊ ၎င်းထံတွင် အိတ်တစ်လုံးပါလာပြီး ထိုအိတ်ထဲတွင် ဗုံးထည့်လာခြင်း ဖြစ်ကြောင်း၊ ၎င်းသည် အင်္ကျီအနက်ဝတ်ထားပြီး ပုဆိုးဝတ်လာသည့် ပုံစံမျိုးဖြစ်ကာ လက်ကိုင်အိတ်ကိုင်လာကြောင်း၊ ထိုအထဲမှ ဗုံးဖောက်ခွဲခဲ့သည့် သဘောရှိကြောင်း၊ ၎င်းကျန်ခဲ့သည့်ဖုန်းကို မိမိတို့စစ်ဆေးပါကြောင်း၊ စစ်ဆေးသည့်အခါ ၎င်းကိုယ်တိုင်လည်း PDF အကြမ်းဖက်သင်တန်း တက်ရောက်ခဲ့သည့် PDF ဖြစ်ပြီး ၎င်းကိုခိုင်းထားသည့် အကြောင်းအရာများလည်းတွေ့ရကြောင်း၊ အမည်မှာ အောင်ကြီး (ခ) ထိန်လင်းထွန်း၊ (၂၆)နှစ်၊ (အဘ) ဦးတင်ထွန်း၊ ကျောက်တံတားမြို့နယ် ကွန်ပျူတာဆိုင်(စိစစ်ဆဲ)၊ အလုပ်သမားဖြစ်ကြောင်း၊ ယင်းနှင့်ပတ်သက်ပြီး နီးစပ်ရာကိုလည်း မိမိတို့အတည်ပြု ပြီးဖြစ်ကြောင်း၊ ထိုသတင်းထွက်လာပြီး နောက်ပိုင်းတွင် ပြည်ဖျက်မီဒီယာတစ်ခုက လူစည်ကားသည့်နေရာ၌ ဗုံးပေါက်ကွဲခြင်းဖြစ်သောကြောင့် စစ်တပ်က လုပ်သည်ဟု ရေးသားထားကြောင်း၊ ပြီးလျှင် မီဒီယာများကို CCTV မှတ်တမ်းပြမည်ဖြစ်ကြောင်း၊ ၎င်း၏ ဖုန်းအဆက်အသွယ်ထဲရှိ၊ ၎င်းချိတ်ဆက်ထား သည်များကို မိမိတို့ပြောလိုက်မည်ဖြစ်ကြောင်း၊ ပေါက်ကွဲသည့်အထဲတွင် ဖုန်းမပါသွားသော်လည်း ဖုန်းမှန်မှာ အတော်ပင်အက်ကွဲနေပြီဖြစ်ကြောင်း၊ တော်တော်လေးဖော်ထုတ်ယူရကြောင်း၊ သို့မဟုတ်လျှင် မိမိတို့ကသေသွားသည့်သူကို စွပ်စွဲသည် ဆိုသည်မျိုးဖြစ်နေဦးမည်ဖြစ်ကြောင်း ပြောကြား၍ CCTV ကို ပြသသည်။
ယင်းမှာ CCTV မြင်ကွင်းတစ်ခုကသာ ပြထားခြင်းဖြစ်ကြောင်း၊ အခြားမြင်ကွင်းများကို မိမိတို့ အနေဖြင့် လုံခြုံရေးအရမပြသနိုင်သော်လည်းပုံများ ကိုဖြန့်ဝေပေးလိုက်မည်ဖြစ်ကြောင်း၊ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များအနေဖြင့် ပြည်သူလူထု၊ လူစည်ကားရာနေရာ၊ ဘာသာရေးအဆောက်အဦဟူ၍ ရှောင်နေမည်မဟုတ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ မိမိဒေသ၊ ရပ်ရွာလုံခြုံရေးအတွက် ပြည်သူလူထုကလည်း လုံခြုံရေးအဖွဲ့များနှင့်အတူ ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် မေတ္တာရပ်ခံလိုကြောင်း ပြောကြားသည်။